ရန်ကုန်မြို့ ရွှေတိဂုံအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ရန်ကုန်အခြေစစ် ရခိုင်လူမှု အသင်း အဖွဲ့များက ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သော အစည်းအဝေးက ယင်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီတွင် ဆရာတော် ဦးရက္ခဝံသ၊ ဦးဇော်အေးမောင်၊ ဒေါ်စောခင်တင့်၊ ဦးကျော်စိန်နှင့် ဒေါက်တာစံလှကျော် အပါအဝင် နာယကကိုးဦး၊ ဦးတင်ထူးအောင်က ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့နှင့် ပြန်ကြားရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းလိုက်သည်။
နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က “ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်နေတယ်။ ဒီလို စစ်ပွဲတွေဖြစ်နေရင် ဒေသမတည်မငြိမ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်စေချင်တယ်”ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုဖွဲ့စည်းလိုက်သော ကော်မတီသည် စစ်ကြောင့် ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန်အတွက်သာ ဖြစ်သည်ဟု သိရသည်။
“ဒီကော်မတီဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံယူဘဲ လွတ်လပ်စွာ လုပ်ကိုင်သွားမယ်။ ဒီကိစ္စဟာ လုံခြံုရေးနဲ့ ပတ်သက်နေတဲ့အတွက် အထူးသတိထား ဆောင်ရွက်သွားရမယ်”ဟု နောက်နာယက တစ်ဦးဖြစ်သူ ဦးကျော်စိန်က ပြောသည်။
ပံ့ပိုးကူညီရေးလုပ်ငန်းများအတွက် ယခင်ကလည်း ရန်ကုန်အခြေစိုက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး လုပ်ကိုင်ခဲ့ကြသော်လည်း တာဝန်ရှိသူများကသာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ပါ၀င်ပတ်သက်သည့် အဖွဲ့အစည်းများကို အသိအမှတ်ပြုမှု အားနည်းခဲ့သည်ဟု တက်ရောက်လာသော လူမှု အဖွဲ့အစည်း ခေါင်းဆောင်များက ထောက်ပြဝေဖန်ခဲ့ကြသည်။
အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဦးတင်ထူးအောင်ကလည်း “ဘဏ္ဍာငွေရှင်းတမ်းတွေကို ထင်သာမြင်သာဖြစ်အောင် ပြုလုပ်သွားမယ်။ အရှင်းလင်းဆုံး၊ အပြတ်သားဆုံးနဲ့ လူထု ထောက်ခံမှု အများဆုံးရအောင် လုပ်သွားမယ်”ဟု ဂတိပေး ပြောကြားခဲ့သည်။
ယခုဖွဲ့စည်းလိုက်သော ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေး ပူပေါင်းကော်မတီ (ယာယီ) ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် ရန်ကုန်အခြေစိုက် ရခိုင်အသင်း အဖွဲ့များမှ တာဝန်ပိုင်းများကို မျှတအောင်ဖွဲ့စည်းထားပြီး အလှူငွေများကို သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ယူကောက်ခံသွားမည်ဟု သိရသည်။
၂၀၁၅ ခုနှစ်ကလည်း ရခိုင်စစ်ဘေးရှောင်များကို ကူညီနိုင်ရန် ရန်ကုန်အခြေစိုက် အသင်းအဖွဲ့များစုပေါင်း၍ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အကူအညီများ ပံ့ပိုးပေးခဲ့သေးသည်။







