ယခုထွက်ပြေးလာကြသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် လောရမတောင်တန်းအနီးရှိ မောင်နှမကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများဖြစ်ကြပြီး အဆိုပါဒေသတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများပြင်းထန်နေခဲ့သည့်အတွက် ကျောက်တော်မြို့နယ်အပိုင် သလူချောင်းကျေးရွာအုပ်စုရှိ ပညာဝကျေးရွာသို့ ဧပြီလ တတိယပတ်အတွင်းမှစတင်ရောက်ရှိနေကြခြင်းဖြစ်သည်။
ရောက်ရှိလာသူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကျား ၃၄ ဦးနှင့် မ ၂၈ ဦး စုစုပေါင်း လူဦးရေ ၆၂ ဦးဖြစ်သည်။
စစ်ဘေးရှောင် ရွာသားများကို ပညာဝကျေးရွာ၏ အခြေခံပညာ မူလတန်းကျောင်းတွင် ယာယီ နေထိုင်ခွင့်ပြုထားပြီး အစားအသောက်များကို ပညာဝကျေးရွာသားများက ထောက်ပ့ံကူညီ ပေးထားရသည်ဟု သိရသည်။
“ကျနော်တို့ရွာကနေ သေနတ်သံတွေ အများကြီးကြားရပါတယ်။ နှစ်ရက် သုံးရက်အထိ ဆက်တိုက် ကြားရပါတယ်။ လက်နက်ကြီးပစ်သံလည်းကြားရတယ်။ နေလို့မရအောင်အထိကြားရပါတယ်။ နေ့လယ်ခင်း မှာလည်း ကြားရတယ်။ ညလည်း ကြားရတယ်။ ကျနော်တို့လည်း ကြောက်လာတယ်လေ။ ဒါကြောင့် အခုလို ထွက်ပြေးလာကြတာပါ”ဟု စစ်ဘေးရှောင်လာသူ မောင်နှမကျေးရွာသား ကိုထွန်းဝင်းက နိရဥ္စရာနှင့် တွေ့ဆုံစဉ်ပြောသည်။

အဆိုပါမောင်နှမကျေးရွာသူ၊ ကျေးရွာသားများ ခိုလှုံနေကြသည့် ပညာဝကျေးရွာသည် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာ အထက်ပိုင်းတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကူညီထောက်ပံ့ရေးအဖွဲ့များလည်း သွားရောက်ထောက်ပံ့ပေးနိုင်မှု မရှိသေးကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများက ဆိုကြသည်။
“ကျမတို့က တိုက်ပွဲတွေဖြစ်နေလို့ ကြောက်လို့ ပုန်းနေရာကနေ အခုလို ထွက်ပြေးလာတဲ့အတွက် ဘာမှပါမလာဘူး။ အဝတ်အစားတွေနဲ့ အိုးခွက်ပန်းကန်တွေကိုလည်း ထားပစ်ခဲ့ရတယ်။ အခု ကျမတို့ ဒီရွာက ပေးတာစားနေရတယ်။ ဘယ်အဖွဲ့မှ ကျမတို့ကို လာကူတာမရှိသေးဘူး”ဟု စစ်ဘေးရှောင်လာသည့် မောင်နှမကျေးရွာသူ ဒေါ်မစောမေက နိရဥ္စရာနှင့် ဧပြီလ ၂၄ရက်နေ့က တွေ့ဆုံစဉ်ပြောသည်။
စစ်ဘေးရှောင် ရွာသားများအား ကူညီကယ်ဆယ်မှုပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ ထားကြောင်းလည်း သလူချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိန်လှက နိရဥ္စရာကိုပြောသည်။
ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့် လောရမတောင်တန်း တစ်ဝိုက်ရှိ နတ်သရွေး၊ သြရမစသည့်ကျေးရွာများမှလည်း စစ်ဘေးရှောင် ၂ဝ ကျော် ဝင်ရောက်ခိုလှုံလျက်ရှိပြီး ကူညီထောက်ပံ့ပေးမှုများ လိုအပ်နေသေးကြောင်း ဒေသခံများက ပြောသည်။







