“အစိုးရတိုင်းဟာ အမျိုးသားရင်ကြားစေ့ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုရှိရေးဆိုပြီးတော့ ကြွေးကြော် နေကြတယ်။ အခု ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဘယ်နည်းနဲ့မှ အမျိုးသားရင်ကြားမစေ့နိုင်ဘူး။ အပြစ်မဲ့ပြည်သူတွေလည်း အမျိုးမျိုး ဒုက္ခခံနေရကြတယ်။ စစ်တွေမြို့ကြီးမှာတောင် ပေါ်တာ ဆွဲမယ်ဆိုတဲ့ သတင်းကြောင့် လုံခြံုမှုမရှိဖြစ်နေရတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတာ။ နောက်ပြီး တိုက်ပွဲတွေကြောင့် တောတောင်ကျေးလက်ရွာတွေက ရှောင်ပြေးလာတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘယ်သူတွေက တာဝန် ယူမလဲ။ အဓိကတော့ ပြည်နယ်အစိုးရအနေနဲ့ တာဝန်ရှိတယ်။ ဒါကြောင့် ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲ တွေကို အမြန်ဆုံးရပ်တန့်နိုင်အောင် ဖြေရှင်းပေးဖို့ အခုလိုကြေညာချက်ထုတ်ပြီး တောင်းဆိုရတာပါ။ ဖြေရှင်း ရာမှာလည်း အဆောတလျင်ဖြေရှင်းပေးနိုင်ရမယ်”ဟု ရခိုင်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က နိရဥ္စရာသို့ပြောသည်။
ယင်းအပြင် စစ်ပွဲနှင့်ပတ်သက်၍ အပြစ်မဲ့ ရပ်သူရွာသားများ ဓားစာခံအဖြစ် အသုံးချခြင်းမပြုရေး၊ တိုက်ပွဲ အတွက် ပေါ်တာဆွဲခြင်း၊ အထမ်းသားအလုပ်သမားများအဖြစ် ခေါ်ယူသွားခြင်း မပြုရေး၊ အတည် တကျ နေထိုင်သည့် ကျေးရွာများအား ရွှေ့ပြောင်းခြင်းမပြုရေး၊ အပြစ်မဲ့ ရပ်သူရပ်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိရအောင် အစိုးရက အပြည့်အဝ တာဝန်ယူပေးရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်၏ နောက်ဆုံးအချက်အနေဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့အနေဖြင့် စစ်ပြေးရှောင်ဒုက္ခသည်များ၏ ဘဝလုံခြံုရေးကို အပြည့်အဝ တာဝန်ယူ စောင့်ရှောက်ပေးရန်နှင့် လူသားချင်းစာနာမှုဖြင့်ကူညီထောက်ပံ့လိုကြသော အဖွဲ့အစည်း အသီးသီးတို့က လွတ်လပ်စွာဆောင်ရွက်ကူညီခွင့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏ သဘောထားကို သိလို၍ နိရဥ္စရာက ဧပြီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆက်သွယ်မေးမြန်းရာ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဆိုသူက ဝန်ကြီးချုပ်အနေဖြင့် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်ကို မဖတ်ရသေးသည့်အတွက် မနက်ဖြန်မှ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။
ရခိုင်ပြည်နယ်တွင် ဧပြီလ ၁၆ ရက်နေ့မှ စတင်ကာ ကျောက်တော်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား လောရမတောင်တန်းတစ်ဝိုက်တွင် အစိုးရတပ်နှင့် ရက္ခိုင့်တပ်မတော်တို့ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယင်းသို့ဖြစ်ပွားမှုကြောင့် နှစ်ဘက်တပ်မှ အကျအဆုံးတချို့ရှိသည့်အပြင် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးလာနေကြရကြောင်းလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးရန် ထပ်မံခေါ်ယူမည့် ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့တွင် ရခိုင်အမျိုးသား ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တင်ပြတောင်းဆိုသွားဦးမည်ဟုလည်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။








