လေဘေးသင့် ကချင် ဒုက္ခသည်စခန်း ပြန်တည်ဆောက်ရန် အကူအညီ လိုအပ်နေ

လေဘေးသင့် ကချင် ဒုက္ခသည်စခန်း ပြန်တည်ဆောက်ရန် အကူအညီ လိုအပ်နေ
by -
ကေအဲန်ဂျီ
ယမန်နေ့ ရုတ်တရုတ် လေပြင်းလေရိုင်း ဒဏ်ကြောင့် ပျက်စီးသွားသော ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် တရုတ်နယ်စပ် စစ်ပြေးဒုက္ခသည် နေအိမ်တဲများနှင့် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရန် အကူအညီ လိုအပ်နေကြောင်း သိရသည်။

ပျက်စီးသွားသော အဆောက်အဦးများ တဖန် ပြုပြင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ IRC မှလွဲပြီး တခြား လူမှု ကူညီရေး အသင်းများကို မဆက်သွယ် တတ်ကြောင်း တရုတ်နယ်စပ် မိုင်တိုင် အမှတ် (၈) မဂါးယန် (Maga Yang) စစ်ပြေးဒုက္ခသည် စခန်းတာဝန်ခံ ဦးလဆန် ဘရန်ဆိုင်းက အခုလိုပြောသည်။
 
“ဒီအချိန် ကူညီနိုင်ရင်တော့ အရမ်းကောင်းတာပေါ့။ ဒီနေ့ ကျနော်တို့လည်း ပြင်လို့ရသေးတဲ့ အပျက်တွေကို ပြင်နေတယ်။ ကျနော်တို့ စခန်းတာဝန်ရှိ ကော်မတီအဖွဲ့ကလည်း IRC က လွဲပြီး တခြားအဖွဲ့တွေနှင့် မဆက်သွယ်တတ်တော့ တော်တော်လေး အခက်အခဲကြံုနေပါတယ်။”
 
မဂါးယန်စခန်း (Maga Yang Dabang) ရှိ လုံးဝ ပျက်စီးလဲကျသွားသော မိသားစု နေအိမ်တဲ ၂၆၃ မှ ဒုက္ခသည်များသည် လက်ရှိ စခန်းတွင်း စာသင်ကျောင်းဆောင် ၂ခုနှင့် မူကြိုကျောင်းဆောင်များတွင် ခိုလှုံနေကြောင်း သိရသည်။
 
ယခုနှစ် မူလတန်းမှ အလယ်တန်းထိ ပညာသင်ကြားမည့် ကျောင်းသား ဦးရေ ရ၀၀ ကျော်ရှိသောကြောင့် စာသင်ကျောင်းဆောင်များ အမြန်ဆောက်လုပ်ရန် လိုအပ်နေကြောင်းကိုလည်း ယင်း စခန်းတာဝန်ခံက ပြောသည်။
 
ထို့အပြင် အခြား စစ်ပြေးဒုက္ခသည် စခန်းများ ဖြစ်သည့် ဇိုင်းအောင် (Zai Awng)၊ ပါဂျောင် (Pa Jau) နှင့် ဒဘူဘွမ် (Dabu Bum) စခန်းတို့တွင်လည်း ယမန်နေ့ လေပြင်းကြောင့် နေအိမ်များ နှင့် လူထုဆိုင်ရာ စာသင်ကျောင်း၊ ဆေးရုံ၊ မူကြိုကျောင်းများ ပျက်စီးသွားသည်ဟု သိရသည်။
 
ထို့ကြောင့် ရိုမန်ကက်သလစ် ဂရုဏာ လူမှုကူညီရေး အဖွဲ့များမှ နောက် တစ်ရက် နှစ်ရက်တွင်း လေပြင်း ဒဏ်ခံခဲ့ရသော စစ်ပြေးဒုက္ခသည် စခန်းများသို့ လာရောက် ကြည့်ရှုမည်ဖြစ်ကြောင်း ထပ်မံ သိရသည်။
 
ကချင်ပြည်နယ်တွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ပြည်သူလူထု တစ်သိန်းကျော် စစ်ပြေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်မှာ လာမည့် ဇွန်လ တွင် ငါးနှစ်ပြည့်မည် ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...