“ကံဖယ်ကျေးရွာမှာ ကျောင်းဆောက်လုပ်လှူဒါန်းရတာကတော့ သူတို့ရွာမှာ ကျောင်းမရှိဘူး။ အနီးအနားက ဘင်္ဂလီရွာက ကျောင်းနဲ့ ချောင်းတဘက်ကမ်းရှိ မြောင်းဘွေကျောင်းတွေမှာ သွားတက်ကြရပါတယ်။ ၂၀၁၂ ခု ရခိုင်ဘင်္ဂလီ အဓိကရုဏ်းနောက်ပိုင်းမှာ ဘင်္ဂလီရွာမှာလည်း ကျောင်းတက်လို့ အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကူညီရတာဖြစ်ပါတယ်” ဟု ဦးခိုင်မိုးထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ကံဖယ်ကျေးရွာကျောင်းကို ကျပ် ၂၃၅ သိန်း အကုန်ကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး တစ်ထပ်ကျောင်းဆောင် ဖြစ်ကြောင်း သိရသည်။

ကံဖယ်ကျေးရွာကျောင်းဖွင့်ပွဲသို့ မင်းပြားမြို့နယ် လက်ထောက်ပညာရေးမှူး၊ ကံဖယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မေတ္တာမျှဝေလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျိန်းရိပ်ဂရုနာ လူမှုကူညီရေးအသင်း၊ မြောက်ဦးမြို့ နာရေး ကူညီမှုအသင်းနှင့် ကျေးရွာသားများ တက်ရောက်ကြသည်ဟု သိရသည်။
မင်းပြားမြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူးက အဆိုပါကျောင်းအတွက် ဆရာ ဆရာမ ၅ ဦး ချပေးမည်ဟု ဂတိပေးသွားသည်ဟု ဦးခိုင်မိုးထွန်းက ဆက်လက် ပြောဆိုသည်။
ကံဖယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘစောဦးကလည်း ကျောင်းဆောက်လှူဒါန်းခြင်းအပေါ် အထူး ၀မ်းသာ ပီတိ ဖြစ်မိကြောင်း ပြောဆိုသည်။
“၂၀၁၂ အရေးအခင်းနောက်ပိုင်းမှာ ကျောင်းမရှိလို့ ကျောင်းမတက်နိုင်တဲ့ကလေး ၃၀ ကျော်လောက်ရှိပါတယ်။ ဒီလိုမျိုးကူညီတဲ့အတွက် မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါတယ်”ဟု အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်မျိုးချစ်လူငယ်များဖြင့် စုစည်းဖွဲ့စည်းထားသော မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့သည် ကျပ် ၄၂၀ သိန်း ကုန်ကျသည့် ကျောက်တော်မြို့နယ် လိပ်မကျေးရွာဘုန်းကြီးပညာသင်ကျောင်းနှင့် ကျပ်သိန်း ၃၀၀ ကျော်ကုန်ကျသည့် မြောက်ဦးမြို့ မြတန်ဆောင်း ဘုန်းကြီးပညာသင်ကျောင်း အတွက်လည်း ကျောင်းတစ်ဆောင်ကျစီ ဆောက်လုပ်လှူဒါန်းထားသည်ဟု သိရသည်။
ကျောက်တော်မြို့နယ် လိပ်မကျေးရွာရှိ ကျောင်းကို ဧပြီလ ၂၀ ရက်နှင့် မြောက်ဦးမြို့ မြတန်ဆောင်း ကျောင်းကို ဧပြီလ ၂၁ ရက်နေ့များတွင် အသီးသီးဖွင့်လှစ်သွားမည်ဟု သိရသည်။

မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့၏ ကျောင်းများဖြစ်မြောက်ရေး အတွက် ကြီးကြပ်ဆောင်ရွက်နေသော မာန်အောင်ဇာတိ ရဟန်းတော် ဦးဇာဂရကလဲ “ ဦးဇင်းတို့ ရခိုင်ပြည်နယ်က ပညာရေး အရမ်းနောက်ကျ ကျန်နေခဲ့ပြီ။ ပညာရေးနောက်ကျတဲ့ အတွက် အသိပညာကအစပေါ့နော်- ဘက်ပေါင်းစုံမှာ နိမ့်ကျကျန်နေခဲ့ပြီ။ ဒါတွေကို တိုးတက်စေလိုတဲ့ ဆန္ဒနဲ့ ဒီစာသင်ကျောင်းတွေ ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ကျောင်းများ ဆောက်လုပ် လှူဒါန်းသော ငွေသည် လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်ရေဘေးကယ်ဆယ်ရေး အလှူငွေများမှ ပိုငွေများဖြစ်ကြောင်းသိရသည်။
မေတ္တာမျှဝေလူမှုကူညီရေးအသင်းကို ရခိုင်ရေဘေးကူညီရေးအတွက် လွန်ခဲ့သောနှစ်က စတင် တည်ထောင်ခဲ့ပြီး၊ အခက်အခဲရှိသော ကျေးရွာများကို လူမှုရေး အကူအညီများ ထောက်ပံ့ကူညီသော အဖွဲ့ဖြစ်ကြောင်း သိရသည်။







