မီဇိုးကျောင်းသားများအဖွဲ့မှ ဒု ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် နေပြည်တော်သို့ သွားရောက်ပြီး ချင်းလူမျိုး ပြည်ထောင်စုလွှတ်တော်အမတ်များနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးအပါအဝင် (၂၄)ဦးကို ဂုဏ်ပြုလွှာပေး အပ်ခဲ့ သည် ဟု MZP ဒု ဥက္ကဋ္ဌ B. Vanlaltana ကပြောသည်။
“ မြန်မာနိုင်ငံမှာ ကျနော်တို့ညီအကိုတွေဖြစ်တဲ့ ချင်းလူမျိူးထဲကနေ ဒုသမ္မတ အဖြစ်ရွေးချယ်ခံရတဲ့အပေါ် ကျနော်တို့အရမ်းကို ဂုဏ်ယူဝမ်းမြောက်တယ်၊ အိန္ဒိယနိုင်ငံမှာတောင် ကျနော်တို့မီဇိုရမ်ပြည်နယ်က ပြည်ထောင်စု လွှတ်တော်မှာ MP (အမတ်) ၂ ဦးပဲရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ ကျနော်တို့ညီအကိုဖြစ်တဲ့ ချင်းတိုင်းရင်းသားထဲကနေ MP ၂၅ ယောက်ရှိနေတာ တကယ်ကိုဝမ်းသာတယ်။ ဒါကြောင့် မီဇိုးကျောင်းသားများအဖွဲ့အနေနဲ့ သွားရောက်ပြီးဂုဏ်ပြုရ တာဖြစ်တယ်’’ ဟု ပြောသည်။
ယင်းဂုဏ်ပြုပွဲအခမ်းအနားကို နေပြည်တော် Baptist Church House compound ၌ ညနေပိုင်း ၃ နာရီတွင် ကျင်းပခဲ့ကြပြီး ဦးဟင်နရီ ဗန်ထီးယူ နှင့် ချင်းလွှတ်တော်အမတ် ၂၄ ဦးတို့ကို ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြသည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်ဒုသမ္မတ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကလည်း မီဇီုကျောင်းသားအဖွဲ့မှ ငွေကြေး နှင့် ခွန်အားများစိုက်ထုတ်ပြီး ယခုကဲ့သို့ လာရောက်ဂုဏ်ပြုမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ MZP ၏ လုပ်ဆောင်မှုသည် ကောင်းမွန်သော အစပြုမှုဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“နိုင်ငံအသီးသီးမှာ ရှိကြတဲ့ Zofate ဇိုး(ချင်း)မျိုးနွယ်စုများအတွက် လောလောဆယ် ဘာမှလုပ်ပေးနိုင်ခြင်းမရှိသေးပေမယ့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် စည်းစည်းလုံးလုံး အတူအကွ လုပ်ဆောင်သွားကြမယ်၊ ကမ္ဘာတည် ရှိနေ သရွေ့ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဇိုး(ချင်း)မျိုးနွယ်စုများဟာ ညီအကိုးများဖြစ်ကြတယ်၊ အဲဒီလို စည်းစည်းလုံးလုံး နှင့် တလုံးတဝတည်း ပေါင်းစည်းနိုင်ဖို့အတွက် ကျနော် နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များမှာ တာဝန် ရှိ ပါတယ်၊ အမှန် တကယ် ပေါင်းစည်း နေနိုင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်သွားမယ်’’ ဟု ဦးဗန်ထီးယူကပြောသည်။







