၎င်းလွှတ်တော်ကိုယ်စားလှယ်မှာ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဦးကျော်လွှင် ဖြစ်ပြီး သူ့အား စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး အဖြစ် အဆိုပြု တင်သွင်းထားသည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင် အပါအဝင် အစိုးရ အဖွဲ့ဝင် (၇) ဦး အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလက်မှတ်ထိုး၍ ယနေ့(ဧပြီလ ၅ ရက်နေ့)ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့တွင် ပေးပို့ လိုက်ခြင်း ဖြစ်သည်။
တစ်ခြား အမည်စာရင်းပေးပို့ခြင်းခံရသည့် ပြည်နယ်ဝန်ကြီးလောင်းများမှာ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် NLD ပါတီမှ ဦးမင်းအောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီးအဖြစ် ဒေါက်တာ ချမ်းသာ၊ ပြည်နယ် ဥပဒေချုပ်အဖြစ် ဦးကျော်လှထွန်းနှင့် ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ဒေါ်ယဉ်ယဉ်လှ တို ့ဖြစ်ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ခွင့်မရပါက ပြည်နယ် အစိုးရ အဖွဲ့တွင်မပါဝင်ဘဲ အတိုက်အခံ အဖြစ်ရပ်တည်သွားမည်ဟု ရခိုင်အမျိုးသားပါတီ(ANP)က ထုတ်ပြန်ထားသဖြင့် ယခု စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးအဖြစ် အမည်စာရင်းပေးပို့ခြင်းခံရသည့် ဦးကျော်လွင်မှာ ANP ပါတီမှဖြစ်နေသဖြင့် မည်ကဲ့သို့ ပါတီက သဘောထားပါသလဲဟု ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်အား မေးမြန်းရာ သူက “ပြည်နယ်ဝန်ကြီးလောင်းအဖြစ်အမည်စာရင်းပေးပို့ခံရတဲ့ ဦးကျော်လွင်ရဲ့ သဘောဆန္ဒကို ကျနော်တို့ မသိရသေးဘူး။ ပါတီစည်းမျဉ်းအရ ၁/၂ဝ၁၆ ကြေညာချက်ကို ကျော်လွန်ပြီးတော့ ပါတီရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ လက်ခံရင်တော့ ပါတီအနေနဲ့ ဖြေရှင်းရမယ့် အနေအထားတွေ ဖြစ်လာမှာပါ” ဟု ပြောကြားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်လွင်အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ယခုစာရင်းတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့မှာ နိုင်ငံရေးပါတီများမှဖြစ်ကြပြီး ကျန်ဝန်ကြီးများမှာ ပြင်ပမှ ပညာရှင်များ ဖြစ်ကြသည်။
အဆိုပါဝန်ကြီးလောင်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်ရန် ရှိပါက ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးကန့်ကွက်နိုင်သည်ဟု ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးပုန်ဘွေတို့ကို အတည်ပြုခန့်အပ်ထားပြီးဖြစ်သည်။







