ဝန်ကြီးဌာနလျော့နည်းသွားသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်း၏ သဘောထားအမြင်များ

ဝန်ကြီးဌာနလျော့နည်းသွားသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်း၏ သဘောထားအမြင်များ
by -
မဇ္စျိမ
ယနေ့ မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်က ပြည်ထောင်စု လွတ်တော်သို့ ပေးပို့သော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နှင့် ၀န်ကြီးဦးရေမှာ ယခင် ဦးသိန်းစိန်အစိုးရ  လက်ထက် ကထက် လျော့နည်းသွားသည်ကို တွေ့ရသည်။

ယခင်ဝန်ကြီးဌာန (၃၆) ခုမှ ယခု (၂၁) ခုသာ ထားရှိတော့မည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်း၏ အမြင်သဘော ထားများကို မဇ္စျိမကဖော်ပြအပ်ပါသည်။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

ဦးသိန်းစိန် အစိုးရလက်ထက်ကထက် ၀န်ကြီးဌာနလျော့မယ်ဆိုတော့ ဦးသိန်းစိန်အစိုးရ လက်ထက် ကထက် အရည်အသွေး၊ အရည်အချင်းရှိဖို့လိုမယ်။ သူက အရေအတွက်ကိုလျှော့တော့ တစ်ဦးချင်းရဲ့ အုပ်ချုပ်ရေးစွမ်းရည် တခြားစွမ်းရည်ပိုရှိဖို့လိုမယ်။

နဝတလက်ထက်က အတွင်းမှာ နဝတ/ နယက ရှိတယ်။ အပြင်မှာ ၀န်ကြီးချုပ်ရှိတယ်။ အတွင်း မူဝါဒပိုင်းဆိုင်ရာကို နဝတ/ နယက ဘက်ကညွှန်ကြားတယ်၊ ၀န်ကြီးချုပ်က အကောင်အထည်ဖော် ရတယ်။ ဦးသိန်းစိန်အစိုးရမှာလဲ အတွင်းကက်ဘိနက်ရှိတယ်၊ အပြင်ကက်ဘိနက်ရှိတယ်။ အတွင်းကက်ဘိနက်ကို သမ္မတ ၃ ဦးနဲ့ ၀န်ကြီး ၆ ပါး၊ အပြင်ကက်ဘိနက်ကို ၀န်ကြီး အယောက် ၃၀ နဲ့ရံထားတယ်။ မူဝါဒပိုင်းနဲ့ အရေးကြီးကိစ္စတွေကို အတွင်းကက်ဘိနက်က ဆုံးဖြတ်တဲ့ပုံပေါက်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရမှာဝန်ကြီးတစ်ပါးပဲထားမယ်၊ သမ္မတ ၃ ဦးရံထားမယ်ပြောတယ်။ ဦးထင်ကျော်၊ ဦးဟင်နရီ အတွေ့အကြံုရှိမရှိကျွန်တော်မသိဘူး၊ သို့သော် ဗိုလ်ချုပ်ကြီးမြင့်ဆွေ အတွေ့အကြံုရှိတယ်။ သူသည် ဗိုလ်ချုပ်ကြီးခင်ညွန့် အပြောင်းအလဲကာလမှာ ထောက်လှမ်းရေးကို ကိုင်ခဲ့တဲ့အတွေ့အကြံုရှိတယ်၊ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့အတွေအကြံုရှိတယ်၊ ရန်ကုန်တိုင်းမှူး၊ ဒကစမှူး လုပ်ခဲ့တော့ သူ့မှာ စစ်ဘက်အရပ်ဘက် အတွေ့အကြံုရှိတယ်။ သူဟာ သမ္မတ သုံးပါးထဲမှာ ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အနီးစပ်ဆုံးအဆက်အသွယ်ရှိနိုင်တယ်။

နောက်ပြီး အခုဖွဲ့စည်းမယ့် သမ္မတရုံးဝန်ကြီးသည် အင်မတန် ဉာဏ်ရည်သွက်ဖို့လိုတယ်။ အတွင်းမူဝါဒဆိုတာ NLD မူဝါဒဆိုရင် ဒါကိုထောက်ပြနိုင်သူသည် ဦးမြင့်ဆွေတစ်ယောက်ဘဲရှိတယ်။

အပြင်ဝန်ကြီးဌာန ၂၀ ကိုကြည့်တဲ့အခါ တိုင်းရင်းသားရေးရာဝန်ကြီးပေါ်လာတယ်။ သူသည် ပြီးခဲ့တဲ့ လွတ်တော်က တိုင်ရင်းသားလူမျိုးများအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေအရ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်။ သူနဲ့ဆက်သွယ်မယ့် တိုင်းဒေသကြီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ပါးရှိမယ်။ ၀န်ကြီးဌာန အသစ်ဖြစ်လို့ စီမံကိန်းမရှိဘူး၊ ဘတ်ဂျက်မရှိဘူး။ အသစ်ဖြစ်လို့ စတင် တည်ဆောက်ရာမှာ တာဝန်ကြီးတယ်။ သူ့ရဲ့တာဝန်က ပြည်တွင်းငြိမ်းချမ်းရေးမှသည် တိုင်းရင်းသား လူမျိုး တစ်ရာကျော် မျိုးနွယ်စုတွေမပျောက်ပျက်အောင်၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ သမိုင်းအချက်အလက် အထိပါ၀င်တယ်။

၀န်ကြီးတစ်ပါးလုပ်တဲ့သူဟာ ပညာရှိရုံနဲ့မရဘူး၊ ပညာရှင်ဆိုအကြံပေးလို့ရတယ်။ ၀န်ကြီးတစ်ပါးသည် ဆုံးဖြတ်ချက်ချနိုင်တဲ့လူဖြစ်ရမယ်။ သူ့ရဲ့တာဝန်ယူရတဲ့ ၀န်ကြီးဌာနကို ဘယ်လောက်ထိ တိတိကျကျ ပြတ်ပြတ်သားသား လမ်းညွှန်နိုင်သလဲ ဆိုတာနဲ့ဆိုင်တယ်။ ပညာရှင်နဲ့မဆိုင်ဘူး။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ပညာရှင်တိုင်းကပျော့ညံ့တယ်။ အမှီအခိုခံ ဘဝမှာရှိတယ်။ သူ့ရဲ့ နယ်ပယ်မှာ လွတ်လွတ်လပ်လပ်ပြောရဲပေမယ့် နိုင်ငံရေးနဲ့ နွယ်တဲ့ကဏ္ဍမှာ အမှီခိုခံဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည် ပိုတာဝန်ကြီးသွားတယ်။ ၀န်ကြီး ၂၁ ဦးစလုံး ဆုံးဖြတ်ချက်တစ်ခုချခါနီးတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်နာခံနေရတာမျိုးဆိုရင် ဒီဝန်ကြီးတွေနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ၀န်ကြီးဌာနကို ဦးဆောင်မယ့်သူကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်အောင် ခွင့်ပြုသင့်တယ် ဖွင့်ပေးသင့်တယ်။ အတွင်းကက်ဘိနက်မှာရှိတဲ့ NLD အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ မလျော်ညီတဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှုတွေရှိရင် အရေးယူအပြစ်ပေးရမယ်။ မူဝါဒပိုင်းဆိုင်ရာချိုးဖောက်ရင် နှုတ်ထွက်ရဲတဲ့ ၀န်ကြီးတွေဖြစ်ရမယ်။

ဦးကျော်ဝင်း (နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ)

၀န်ကြီးဌာန နည်းသွားတာ သေချာတာတစ်ခုတော့ ပိုက်ဆံကုန်အများကြီးသက်သာသွားမယ်။ စွမ်းဆောင်ရည် တက်၊ မတက် ကတော့ပြောလို့မရသေးဘူး ကြည့်ရအုံးမယ်။ အထူးသဖြင့် ၀န်ကြီးဌာန တွေရဲ့စွမ်းဆောင်ရည်ပေါ်မူတည်တယ်။ ဌာနအနည်းအများထက် စွမ်းဆောင်ရည်က ပိုအဓိက ကျတယ်။ အင်စတီကျူးရှင်းတွေရဲ့စွမ်းဆောင်ရည်စောင့်ကြည့်ရမယ်။ အခုလိုလျှော့လိုက်တာ ကောင်းတဲ့ဘက်မှာရှိတယ်။ အင်စတီကျူးရှင်းရဲ့သဘောက အသက်ဝင်အောင်လုပ်ဖို့ အချိန်တစ်ခု ယူရတယ်၊ အသက်ဝင်ရင်လည်း အစွဲအလန်းက ကျန်တတ်တယ်။ မြန်မာပြည်ရဲ့ အင်စတီကျူးရှင်းက အရင် အမိန့်ပေးစနစ်အောက်က လာတာဆိုတော့ အမိန့်ပေးမှ လုပ်တတ်တယ်။ အဲ့ဒီ အစွဲအလန်း ဖျောက်ဖို့ကလည်း အချိန်တစ်ခုလိုတယ်။ အခု အင်စတီကျူးရှင်း အသစ်ကို အသက် ၀င်အောင်လဲ အချိန်တစ်ခုပေးရမယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းကို စောင့်ကြည့်ရမယ်။

ဖ.ဆ.ပ.လ လက်ထက်ကအတွင်းဝန်နဲ့သွားတယ်၊ ဒုဝန်ကြီးမရှိဘူး။ အဲ့ဒီတုန်းက ယေဘူယျ အကြမ်းပြောရင် အတွင်းဝန်နှစ်မျိုးထားတယ်။ နိုင်ငံရေးကလာတဲ့အတွင်းဝန် ဒါကရွေးချယ်ခံပေါ့၊ နောက်တစ်ခုက ဗျူရိုကရေစီကလာတဲ့အတွင်းဝန်ရှိတယ်။ နိုင်ငံရေးအတွင်းဝန်က ၄ နှစ်တစ်ကြိမ် ပြောင်းတယ်၊ ဗျူရိုကရေစီက မပြောင်းဘူး။ သို့သော် ၁၉၆၂ နောက်ပိုင်း အတွင်းဝန် မထားတော့ဘဲ ဒုဝန်ကြီးစနစ်နဲ့သွားခဲ့တာ။ ပြီးခဲ့တဲ့နှစ်ကတော့ ဒုဝန်ကြီးလည်းရှိတယ်၊ အတွင်းဝန် လည်းပြန်ခေါ်တယ်။ ဟိုတုန်းက အတွင်းဝန် ဗျူရိုကရက်တွေက အိုင်စီအက်စ် တို့ ဘီစီအက်စ်တို့ အနည်းဆုံး ရန်ကုန် တက္ကသိုလ်နဲ့ မလုံလောက်လို့ ကာလကက္တားတက္ကသိုလ်၊ အောက်စဖို့စ်တက္ကသိုလ်တို့သွားပြီး လေ့လာရတယ်။ အဲ့ဒါကိုဖျက်ပြီး ဖောင်ကြီးနဲ့အစားထိုးလိုက်တော့ စွမ်းဆောင်ရည်က နိမ့်ချင်တိုင်း နိမ့်နေတာပေါ့ဗျာ။ အဲ့ဒါတော့ပြန်ကြိုးစားရအုံးမယ်။

အကြံပေးချင်တာက ဒုဝန်ကြီးမထားဘဲ အတွင်းဝန် ဆက်ထားတာ ကောင်းတယ်။ သို့သော် အတွင်းဝန် တွေရဲ့ စွမ်းဆောင်ရည်မြှင့်ပေးဖို့လုပ်ရအုံးမယ်။ တည့်တည့်ပြောရင် တပ်ကအသွင်ပြောင်း လာတဲ့သူ တွေများတာပေါ့။ ဦးနုလက်ထက်က အတွင်းဝန်ဗျူရိုကရက်တွေကို ရွေးကောက်ခံ နိုင်ငံရေးသမား တွေနဲ့ အစားထိုးစမ်းကြည့်တယ်။ တကယ်လက်တွေ့မှာ ရာဇဝတ်မှုတွေထူပြော ပြဿနာတွေ တက်တော့ အလုပ်မဖြစ်လို့ ဆက်မလုပ်ဖြစ်ခဲ့တာ။ တော်လှန်ရေးကောင်စီ တက်လာတော့ အတွင်းဝန် တွေကို တော်လှန်ရေးသမားနဲ့အစားထိုးတယ်။ သူတို့ပြောတဲ့ တော်လှန်ရေးသမားဆိုတာ တပ်ကလူတွေ အဲ့ဒီကတည်းက မြန်မာပြည်ရဲ့ဗျူရိုကရေစီက ပျက်တာဘဲ။ အခုမှ ပြန်အဖတ်ဆယ်ရမယ်ဆိုတော့ အချိန်တော့ယူရလိမ့်မယ်။

ဦးမျိုးရန်နောင်သိမ်း (မြန်မာ့နိုင်ငံရေးလေ့လာသူ၊ ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းအုပ်)

အရင်ဝန်ကြီးဌာန အရမ်းများတော့ သမ္မတက သူကိုယ်တိုင်မကိုင်နိုင်ဘူး။ အစိုးရကော်မတီတွေ ဖွဲ့တယ်။ နိုင်ငံရေးကော်မတီတို့ စီးပွားရေးကော်မတီတို့ပေါ့။ စီးပွားရေးကော်မတီဆို ဦးစိုးသိမ်း လက်အောက်မှာ ၀န်ကြီးဌာန (၁၁)ခုရှိတယ်။ သမ္မတဖြစ်တဲ့ ဦးသိန်းစိန်က ၀န်ကြီးဌာနတွေ ဘာဖြစ်နေလဲဆိုတာ သေချာမသိဘူး။ ဦးစိုးသိမ်းတို့က အစိုးရအဖွဲ့အစည်းအဝေးပွဲ မလုပ်ခင်မှာ ကော်မတီအစည်းအဝေးတွေလုပ်တယ်။ ဆုံးဖြတ်ချက်တွေချတယ်၊ ပြီးတော့ အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြတယ်။ သမ္မတက ၀န်ကြီးဌာန များပြားလွန်းတော့ ဘယ်ဝန်ကြီးဌာန ဘာလုပ်နေမှန်း သူမသိဘူး ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။ အခုလို ၀န်ကြီးဌာနတွေကို ကျစ်ကျစ်လစ်လစ်လုပ်လိုက်ခြင်းဖြင့် အစိုးရရဲ့ စွမ်းဆောင်ရည်မြင့်လာမယ်လို့မြင်တယ်။ နောက် နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုလျော့သွားမယ်။ ၀န်ကြီးတွေရဲ့ အဆောင်အယောင်တွေ အသုံးစရိတ်တွေ အများကြီးလျော့ချ နိုင်လိမ့်မယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက သူတို့တပ်မတော်က အငြိမ်းစားယူတဲ့ဗိုလ်ချုပ်တွေကို နေရာပေးဖို့ ၀န်ကြီးဌာနတွေကို ချဲ့ထွင်ခဲ့တယ်လို့ထင်တယ်။ အခုလို ၀န်ကြီးဌာနတွေ ချံု့ခြင်းအားဖြင့် ဌာနတွေကို ပေးရတဲ့ ဘတ်ဂျက်တွေလျော့လာမယ်၊ စွမ်းဆောင်ရည်မြင့်လာမယ်လို့ထင်တယ်။ အစိုးရအဖွဲ့ ကော်မတီတွေထားစရာမလိုတော့ဘူး။

အတွင်းဝန် ဗျူရိုကရက်တွေဆိုတာ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေထားရမှာပေါ့။ တပ်ကလူတွေ လာထားတာ သဘာဝမကျဘူး၊ ဒါကိုဘယ်လိုလုပ်မလဲတော့ မသိသေးဘူး။ အတွင်းဝန်ဖြစ်စေ၊ ဒုဝန်ကြီးဖြစ်စေ လုပ်တတ်ကိုင်တတ်တဲ့ ပညာရှင်တွေထားရမှာဘဲ။ ဒုဝန်ကြီးထားတာကတော့ အဆောင်အယောင်တွေများပါတယ်။

တိုင်းရင်းသားရေးရာ ကိစ္စက မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ထားကိုထားရမှာ။ ဒီကိစ္စကို စနစ်တကျကိုင်တွယ်ပြီး လုပ်တတ်တဲ့ ၀န်ကြီးတော့ ရှိကိုရှိရမယ်။  Protocol အရ အရေးပါတဲ့ဝန်ကြီးဌာနဖြစ်ရမှာ။ အရေးပါတယ်ဆိုတာ ၀န်ကြီးဌာန (၂၁) ခုထဲမှာ ထိပ်ဆုံးကရှိရမှာ နိုင်ငံခြားဆက်ဆံရေးမှာ နိုင်ငံခြားရေးရာ အရေးကြီးသလို ပြည်တွင်းမှာလည်း တိုင်းရင်းသားရေးရာက အရေးကြီးတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဆိုလို့ တိုင်းရင်းသားကို ပေးရမယ်လို့မဆိုလိုပါဘူး၊ လုပ်နိုင်ကိုင်သူ တစ်ဦးဖြစ်ဖို့အရေးကြီးတယ်။

အခုလို ၀န်ကြီးဌာနများ ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းလို့တာဟာ ကျွန်တော့်အနေနဲ့ ပြည်သူကိို ၀န်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ အစိုးရတစ်ရပ် ပေါ်လာတယ်လို့ထင်ပါတယ်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...