ရေဖြူမြို့နယ် အချို့ကျေးရွာဘုရားပွဲတွင် နားလည်မှုဖြင့် လောင်းကစားဝိုင်းများဖွင့်လှစ်နေ

ရေဖြူမြို့နယ် အချို့ကျေးရွာဘုရားပွဲတွင် နားလည်မှုဖြင့် လောင်းကစားဝိုင်းများဖွင့်လှစ်နေ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အချို့ကျေးရွာများ၏ ယခုလပိုင်းအတွင်း ဘုရားပွဲနှင့် ပွဲလမ်းသဘင်များတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် နားလည်မှုယူကာ လောင်းကစားဝိုင်များ ဖွင့်လှစ်ရန်ပုံငွေရှာနေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထိုလောင်းကစားဝိုင်းများတွင် ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကြက်ဝိုင်း စသည့်လောင်းကစားဝိုင်းများ ပြည့်နှက်နေကြောင်း ဆိုသည်။

ကောင်းမှုရွာသား နိုင်အောင်က “ဇာတ်သဘင်ပါမစ်အတွက် ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်သွားတောင်းရတယ်။ လောင်းကစားဝိုင်း အတွက်တော့ ရေတပ်၊ ကံပေါက်ရှိ ရဲစခန်း၊ ဒေသခံ ရပ်ရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းရတယ်” ဟု ဆိုသည်။

ကံပေါက်နယ်တွင် ကပြသော ဇာတ်သဘင်မှာ များသောအားဖြင့် ထားဝယ်အသံ၊ ထားဝယ်ရိုးရာ အကများဖြင့် ကပြဖျော်ဖြေသော ထားဝယ်ဇာတ်သဘင်များဖြစ်ပြီး တစ်ညလျှင် အခကြေးငွေ ကျပ်သုံးသိန်းခွဲမှ လေးသိန်းခွဲအထိ ငှားရမ်းရသည်ဟု ပြောသည်။

“စျေးကောက်ငွေတွေနဲ့ပဲဆိုရင် ပွဲငှားနိုင်ဖို့အတွက် မလုံလောက်ဘူးလေ။ ဒါကြောင့် လောင်းကစားဝိုင်းများဖွင့်မှပဲ ငွေပိုရပီး ပွဲငှားနိုင်တာပေါ့” ဟု ဒေသခံ မင်းလင်းနိုင်က ဆိုသည်။

ဇာတ်သဘင် ငှားရန်ခကြေးငွေကို လောင်းကစားဝိုင်း ကန်ထရိုက်က တာဝန်ယူပေးရသည်ဟု မင်းလင်းနိုင်က ဆက်ပြောသည်။

ကံပေါက်တိုက်နယ် ဖေါင်တော ကျေးရွာအုပ်စုသည်  မော်တော်ကားလမ်းနှင့် အလှမ်းဝေးသဖြင့် မြို့ပေါ်အာဏာပိုင်များ အလွယ်တကူလာရောက်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ညပိုင်းတွင် မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်ကျေးရွာ မြို့ဟောင်းကုန်း လာ့စ်ဗီးဂတ်ရပ်ကွက် လောင်းကစားဝိုင်းများကို ရေးမြို့က နယ်မြေခံတပ်မတော်မှ ဝင်ရောက်ဖမ်းဆီးရာ အံဂလုံခုံ ၃၉ ခုံ၊ အံစာတုံး ၅၇ လုံး နှင့် ဒိုင်ချုပ်ကြီးနှစ်ဦးကို ဖမ်းဆီးမိခဲ့သည်ဟုလည်း ရေးတော်ဝင်သတင်းလွှာ တာဝန်ခံအယ်ဒီတာ အောင်နိုင်ဝင်း Facebook ရေးသားဖော်ပြချက်အရ သိရသည်။

 Caption- ကံပေါက်နယ် ကျေးရွာတစ်ရွာမှ လောင်းကစားဝိုင် (Mon Htaw)

May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...
May 29, 2026
တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးစဉ်...
May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...