NLDအစိုးရ အပိုးကျိုးစေရမယ်၊ ဝန်ထမ်းတွေ စိတ်မပူနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

NLDအစိုးရ အပိုးကျိုးစေရမယ်၊ ဝန်ထမ်းတွေ စိတ်မပူနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၇ရက်၊ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ထမ်းများတွေ့ဆုံနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမသတင်းဌာန)
နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၇ရက်၊ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ထမ်းများတွေ့ဆုံနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမသတင်းဌာန)
အစိုးရအဖွဲ့ဝင်များဖြစ်လာတော့မည့် NLDပါတီဝင်အချို့အား ပြည်သူ တို့အတွက် အပိုးကျိုးသော၊ အသုံးကျသည့် ပုဂ္ဂိုလ်များဖြစ်အောင် ကိုယ်တိုင် တာဝန်ယူကြပ်မတ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့်လည်း စိတ်မပူကြရန် လာမည့် အစိုးရသက်တမ်းတွင် အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ရတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

"နိုင်ငံကို အစိုးရလုပ်မယ့်သူတွေ အပိုးကျိုးမှ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံသာမယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မပြည်သူကို ကတိပေးထားတဲ့အတိုင်း အဖွဲ့ချုပ်ကလူတွေဆိုးလို့ရှိရင် ကျွန်မပဲ ဆုံးမပါ့မယ်။ ကျွန်မဘက်ကနေပြီး တော့ ကျွန်မ ကတိပေးထားတဲ့အတိုင်း အဖွဲ့ချုပ်(NLD)ကလူတွေကို အပိုးကျိုး အောင် လုပ်ဖို့က ကျွန်မတာဝန်တစ်ခုအနေနဲ့ လုပ်ထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်၊ မွန်းလွဲပိုင်းက လွှတ်တော်မှ တာဝန်ရှိသူအချို့အပါအဝင် နေပြည်တော်ရှိ စည်ပင်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းတစ်ချို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဝန်ထမ်းများကိုလည်း ဖြုတ်၊ ထုတ်၊ သတ်ဟူသည့် နည်းလမ်းသုံးမည်မဟုတ်ဟုဆိုကာ "ကျွန်မတို့ ဝန်ထမ်းတွေ အနေနဲ့ စိတ်မပူပါနဲ့။ ဝန်ထမ်းတွေက ကျွန်မတို့ကို ကြောက်စရာ မလိုပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ဝန်ထမ်းများကို တပ်မတော်မှလာသည့် ဝန်ထမ်း၊ ပြိုင်ဘက်ပါတီကြီးဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာသည့် ဝန်ထမ်းဟူ၍ ကျောသား၊ ရင်သားခွဲခြားဆက်ဆံသွားမည် မဟုတ်ဟုလည်း သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၈ရက်၊ ရွေးကောက်ပွဲများမတိုင်ခင်က မြန်မာနိုင်ငံအတွင်း သွားရောက်ခဲ့သည့် မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင်လည်း သူမ၏ပါတီ အစိုးရဖွဲ့နိုင်ပါက အဂတိကင်းသည့် အစိုးရတစ်ရပ် ဖြစ်စေရမည်ဟု ကတိပြု ပြောဆိုထားသည်။

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများတွင် မဲ ရ၇ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲရလာဒ်များအရ လာမည့် အစိုးရသက်တမ်းတွင် အစိုးရဖြစ်လာတော့မည့် NLDပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ အစိုးရဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်းသွားမည်ဟုဆိုကာ ဝန်ထမ်းများကိုလည်း ကျွမ်းကျင်ရာဌာနတွင်လုပ်ကိုင်ရန် အဆိုပြုခွင့်ပေးမည်ဟုလည်း ဆိုသည်။

သို့သော် "ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့ရမှာမဟုတ်ဘူး။ ပညာရေးအကြောင်း နားမလည်ဘဲနဲ့ ပညာရေးဌာနပို့ပေးပါ ဆိုရင်တော့ မရဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ကြောင်း အဲ့လို ရွေးပိုင်ခွင့် နဲ့ အတိုင်းအတာတစ်ခုထိ ပေးမယ်"ဟု သူမက ဆိုသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...