"အစိုးရက ၃၀၀ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ဖက်ကလည်း ၃၀၀ ဖြစ်သင့်တယ်။ အဓိက ထားဆွေးနွေးမယ့် သူတွေက ပါ၀င်မှုအတူတူဖြစ်ရမှာ၊ တိုင်းရင်းသားကိုယ်စားပြုက တကယ်လို့ ကျွန်တော်တို့ ပါပါဝင်လာပြီဆိုရင် မကိုက်ရင်တော့ ပြင်ရမှာပေါ့။"ဟု ၎င်းက ဆိုသည်။
ဦးသိန်းစိန်အစိုးရနှင့် အားလုံးပါ၀င်ရေးမူတွင်သဘောထားကွဲလွဲမှုများရှိခဲ့သဖြင့် မိမိတို့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် မထိုးရသေးသော်လည်း နောင်အစိုးရလက်ထက်တွင် ကျန်ရှိသည့် အဖွဲ့များ၊ ထိုးပြီးအဖွဲ့များ အားလုံးပါဝင်နိုင်ရေးကိုလည်း လမ်းဖွင့်ထားရမည်ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စား ပြုသူစုစုပေါင်း ၃၀၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားပြု ၁၅၀၊ နိုင်ငံရေးပါတီ ကိုယ်စားပြု ၁၅၀၊ တိုင်းရင်းသားကိုယ်စားပြု ၅၀နှင့်၊ ဖိတ်ကြားသင့်သူ ၅၀တို့ဖြင့် နိုင်ငံရေးဆွေးနွေး မည့် မူဘောင်ကို ဒီဇင်ဘာ ၁၅ရက်နေ့တွင် အတည်ပြုကာ ဒီဇင်ဘာ ၁၆ရက်၌ သမ္မတထံသို့ အပ်နှံခဲ့ပြီးဖြစ်သည်။
"တပ်ကသူတို့အဓိကဆွေးနွေးရမှာဖြစ်လို့ လက်နက်ကိုင် ၁၅၀ ဆိုရင် သူတို့လည်း၁၅၀၊ အစိုးရနဲ့ လွှတ်တော်က ၁၅၀ ဖြစ်အောင် ရ၅စီ သတ်မှတ်ကြတယ်။ အားလုံးဝိုင်းပြီးတော့ သင့်တင့်တဲ့ အခြေအနေဖြစ်လို့ အားလုံးက သဘောတူရမှာပဲ။ တချို့တစ်ဖက်ကို ၃၀၀ စီ ထားဆွေးနွေးဖို့ ပြောတာ ရှိတယ်။ ဒါက ပြောင်းနိုင်သလို၊ အခုကလက်နက်ကိုင်၊ အစိုးရ၊ အနိုင်ရပါတီအကုန်လုံး သဘောတူ ထားပြီး လုပ်ခဲ့တာပါ"ဟု ရခိုင်လွတ်မြောက်ရေးပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားပြုမှုအပါအဝင်၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများကို အကောင်အထည် ဖော်မည့်အစိုးရ သစ်ကလည်း အားလုံးပါ၀င်နိုင်ရေးမူဝါဒဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မှသာပြဿနာများ ပြေလည်မှုရှိမည်ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ဆိုသည်။
"အစိုးရသစ်က လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ အသီးသီးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ ထိုးပြီးသားတွေကိုလည်း မူလအတွင်း အားလုံးပါဝင်နိုင်အောင်လုပ်ပြီး ဆက်သွားနိုင်ဖို့ လိုပါတယ်။ အဲဒါဆိုရင်တော့ သိပ်အခက်အခဲဖြစ်နိုင်မယ်မထင်ဘူး။"ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးမူဖော်ဆောင်မှုနှင့်ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ယခင်အစိုးရက ပြုလုပ်ခဲ့သည့် ကောင်းမွန်သည့် အချက်များကို ဆက်လက်လုပ်ဆောင်ပြီး ပြောင်းလဲသင့်သည့် အချက်များကို မူပြောင်းလဲကာ ပိုမွန်ကောင်းမွန်အောင် ပြုလုပ်မည်ဟု လည်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ရက်နေ့၊ သတင်းစာရှင်းလင်းပွဲတွင် မဇ္စျိမသို့ ပြောထားသည်။
UPDJC တွင်လည်း လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးနှင့်အတူ အနိုင်ရ NLDပါတီမှကိုယ်စားလှယ် ၂ဦး ပါ၀င်ထားသည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်အရ ဒီဇင်ဘာ ၁၅ရက်တွင် ပြီးစီးခဲ့သည့် မူဘောင် အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ဇန်နဝါရီလလယ်ပိုင်းတွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖြင့် နိုင်ငံရေးဆွေးနွေးရမည်ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ဖွဲ့တို့က အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုလက်မှတ်ရေးထိုးထားသည်။







