ချောင်းဆုံကျွန်း၊ ကျိုက်ထို၊ မော်လမြိုင်နှင့် မုဒုံမြို့နယ်များတွင် အသေးစားစီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသားများနှင့် ဒေသခံများ ကို ရောင်းချနေသည့် လက်မှုပစ္စည်းလုပ်ငန်းနှင့် ဒေသအစားအစာ လုပ်ငန်းများအတွက် ၀င်ငွေ တိုးလာစေရန် လုပ်ငန်းခွင်အရည်အသွေးမြှင့်သည့် သင်တန်းများလည်း စီစဉ်သွားမည်ဟု ဒီဇင်ဘာ ၁၆ တွင် ADB က ထုတ်ပြန်သည်။
ယင်းမြို့လေးမြို့သည် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် တို့ ဆက်စပ်နေသည့် မဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေးလမ်းကြောင်းပေါ်တွင် ကျရောက်နေသည့် မြို့များဖြစ်သည်ဟုလည်း သိရသည်။
"မွန်ပြည်နယ် လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်း စိုက်ပျိုးရေးထွက်ပစ္စည်းတွေ၊ လက်မှုပစ္စည်းတွေရောင်းနေတဲ့ မိသားစုတွေပါပဲ။ ဒါပေမယ့် အဲဒီလို အသေးစားစီးပွာရေး လုပ်ငန်းတွေကနေ ဆင်းရဲမှုလျော့ကျဖို့ ဆိုတာ အကန့်အသတ်တွေရှိနေပါတယ်။"ဟု ADB ၏ အရှေ့တောင်အာရှဌာနမှ လူမှုဝန်းကျင် ဖွံ့ဖြိုးရေးကျွမ်းကျင်သူ Uzma Hoque က ပြောသည်။
ဂျပန်၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ငွေ ကန်ဒေါ်လာ ၃ သန်းဖြင့် မြို့နယ်လေးခုမှ ယင်းလုပ်ငန်းများအတွက် နည်းပညာများ၊ စီးပွားရေးစီမံခန့်ခွဲမှု အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျိုက်ထိုရှိ ကျိုက်ထီးရိုးဘုရားသည်လည်း နိုင်ငံခြားသားခရီးသွားများ အထူးစိတ်ဝင်စားမည့် နေရာဖြစ်သော်လည်း ကုန်ထုတ်မှု အတွေ့အကြံုဗဟုသုတနည်းပါးခြင်း၊ စီမံခန့်ခွဲမှုပညာအားနည်းခြင်း နှင့် နည်းပညာအခက်အခဲတို့ကြောင့် အသေးစားစီးပွားရေး လုပ်ငန်းများမနေဖြင့် အကျိုးအမြတ်ရရှိမှု နှေးကွေးနေသည်ဟု ဥပမာပေး ပြောဆိုသည်။
ဒေသတွင်း စီးပွားရေအခြေအနေမပေးသဖြင့် လူကုန်ကူးမှုအပါအဝင် အခြားအန္တရာများကြံုတွေ့နိုင် သည့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်း အလုပ်ထွက်လုပ်နေကြရသူများ ပြန်လာလျင်လည်း အဆင်ပြေစေရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်သည်။
ယင်းစီမံကိန်းဖြင့် ရွေးချယ်ထားသည့် လေးမြို့နယ်မှ ကျေးရွာပေါင်း ၁၂ ရွာမှ အိမ်ထောင်စု ၉၀၀ ကို ကူညီသွားရန် စီစဉ်ထားပြီး အကျိုးအမြတ်ရရှိမှု ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများအတွက် ဖြစ်သည်ဟု ဆိုသည်။







