လှေပေါ်တွင် အနိုင်ကျင့် ခေါင်းပုံဖြတ်ခဲ့သည့် ပဲ့နင်းဦးစီးနှင့် လှေကို နှစ်နိုင်ငံ လူကုန်ကူမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဗန်ကြီးနားကျွန်းရှိ တရားရုံးတွင် တရားစွဲ ဆိုနိင်ခဲ့သော်လည်း ပိုင်ရှင်သူဌေးကိုမူ တရားစွဲဆိုနိုင်ခြင်းမရှိကြောင်း ကိုဝင်းထွဋ်က ပြောသည်။
၂၀၁၅ခုနှစ်၊ မေလပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမှ တရားမဝင်လူကုန်ကူးခံခဲ့ရမှုကြောင့် မြန်မာရေလုပ်သား ၅ဝဝ ကျော်ဟာ မြန်မာ အစိုးရအကူအညီဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုကဲ့သို့ နစ်နာကြေးတောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။
“စခေါ်တုန်းက ပန်းရံလုပ်ရမယ်ဆိုပြီး ခေါ်တယ်။ နောက်တော့ သူဌေးအိမ်ရောက်မှ ကျွန်တော်တို့ လူကုန်ကူးခံရတယ်ဆိုတာ သိတာ။ ဘာမှ မတက်နိုင်တော့လို့ ဆက်ပြီး အဲဒီ လှေပေါ်မှာပဲ ဆက်လုပ်ခဲ့ရတယ်။ ကိုယ့်မြန်မာနိုင်ငံ ပြန်လာရတော့ အရမ်းပျော်တယ်။ ကျွန်တော်တို့ အတက်နိုင်ဆုံး တရားသူကြီးကို လျှောက်ထားခဲ့တယ်။ အမှုက နိုင်မယ်လို့ မျှော်လင့်တယ်။ နစ်နာကြေးတွေ တောင်းခဲ့ပါတယ်”ဟု တရားစွဲဆိုရာတွင် ပါဝင်ခဲ့သော ကိုဝင်းထွဋ်က မဇျွိမသို့ ပြောသည်။
ယခု ၁၃ ဦး တရားစွဲထားသည့် အမှုအနိုင်ပြီး နစ်နာလျှော်ကြေးများရရှိပါက ကျန်ရှိနေသေးသော ရေလုပ်သားများ အတွက်လည်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ သမာအာဇီဝနဲ့ ရှာဖွေထားရတဲ့ လုပ်အားခလေးတွေကို ပြန်လိုချင်ပါတယ်။ ကိုယ် ပင်လယ်ထဲမှာ အသက်မသေရုံတမယ် မိသားစုနဲ့ဝေးကွာပြီး ရှာဖွေထားရတဲ့အတွက် ပြန်လိုချင်ပါတယ်။ မရ ရအောင်လည်း ကြိုးစားသွားမှာပါ” ဟု တရားစွဲဆိုရာတွင် ပါဝင်ခဲ့သော ကိုသန့်ဇင်ဝင်းက ပြောသည်။
နစ်နာကြေးအတွက် အင်ဒိုနီးရှားတရားရုံးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် အမိန့်ချနိုင်ဖွယ်ရှိ ကြောင်းနှင့် နစ်နာကြေးတောင်း ခံရာတွင်လည်း တစ်ဦးနှစ်တစ်ဦး မတူညီကြောင်းလည်း သိရသည်။







