ငြိမ်းချမ်းရေးညီလာခံတက်မယ့် ကိုယ်စားလှယ်အချိုးအစား အတည်ပြုလိုက်ပြီလို့ ဆို

ငြိမ်းချမ်းရေးညီလာခံတက်မယ့် ကိုယ်စားလှယ်အချိုးအစား အတည်ပြုလိုက်ပြီလို့ ဆို
by -
မဇ္ဈိမ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ကြမည့် ကိုယ်စားလှယ်အချိုးအစားကို သုံးကြိမ်မြောက် ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု UPDJC အဖွဲ့ဝင်ဖြစ်သူ NLD ပါတီမှ ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။

“ညီလာခံမှာ တပ်မတော်က ဘယ်နှစ်ယောက်တက်မယ်။ ပညာရှင်တွေ ဘယ်နှစ်ယောက်တက်မယ်။ နိုင်ငံရေးပါတီတွေ ဘယ်နှစ်ယောက်တက်မယ်။ အဲ့ဒါမျိုးတွေကို ဒီကနေ့ အတည်ပြုချက်ရပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View Hotel ဒီဇင်ဘာ ၁၄ရက်နေ့က ပြုလုပ်သော UPDJC သုံးကြိမ်မြောက် အစည်းအဝေးအပြီး ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ညီလာခံတွင် တက်ရောက်မည့် ကိုယ်စားလှယ်အချိုးအစား စာရင်းအတိအကျကိုမူ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြောဆိုနိုင်ခြင်း မရှိသေးဟု ဦးဉာဏ်ဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြောဆိုပြီး ဒီဇင်ဘာ ၁၅ရက်တွင် ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီးတွင်မူ သတင်းထုတ်ပြန်နိုင်ချေရှိသည်ဟု ဦးဉာဏ်ဝင်းအပါအဝင် အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်အချို့က ပြောသည်။

တပ်မတော်ဘက်က အဆိုပြုသော ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်စားရင်းကို အစည်းအဝေးတွင် အဓိကဆွေးနွေးကြကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီအစည်းအဝေးမှာ တပ်မတော်ရဲ့ အဆိုပြုချက်တွေကို ပြင်ဆင်ချက်နဲ့ ပြင်ဆင်ပေးလိုက်တယ်။ အဲ့ဒီပြင်ဆင်ပေးလိုက်တဲ့ဟာကို ကျွန်တော်တို့ အစိုးရအဖွဲ့ရော၊ တပ်မတော်ကရော လက်ခံတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီအားလုံးကလည်း အားလုံတော့ မဟုတ်ဘူး။ အများစု လက်ခံတယ်။ လက်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း သူတို့လက်မခံနိုင်တဲ့အယူအဆကို တင်ပြပါတယ်။ အားလုံးခြံုပြီးတော့ ပြန်ပြောရရင် ဒီကနေ့လုပ်တဲ့အစည်းအဝေးက အထမြောက် အောင်မြင်တယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...