“အစိုးရ အသစ်မတက်ခင်မှာ ဒီမြေတွေကိစ္စဖြေရှင်းပေးစေချင်တယ်။ လက်ရှိအစိုးရအနေနဲ့ ပြီးပြတ်အောင် လုပ်ခဲ့စေချင်တယ်။တောင်သူတွေက ဆယ်စု နှစ်စုမက နစ်နာနေတယ်။ ပိုနေတဲ့ မြေကတော့ဗျာ ပြန်ပေးရမှာပေါ့”ဟု ဦးစောမြင့်လွင်က ပြောသည်။
အဆိုပါမတ္တရာမြို့နယ်ရှိ လယ်ယာမြေအများစုကို သမဝါယမဝန်ကြီးဌာန၊ စက်မှု(၁)၀န်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ ၁၉၈၂ခုနှစ်မှစတင်၍ ၂၀၀၀ခုနှစ်အထိ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသောလယ်ယာမြေ ဧက တစ်သောင်းကျော်ရှိနေပြီး သိမ်းယူထားသော ဝန်ကြီးဌာနများ အနေဖြင့် ဧက ၂၀၀၀ ခန့်သာ အသုံးပြုထားခြင်းကြောင့် ပိုလျှံနေသောမြေယာများနှင့် စီမံကိန်း မပြု လုပ်သောမြေယာများပြန်လည်ရရှိစေရန်အတွက် ၂၀၁၂ခုနှစ်မှစတင်၍ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြတောင်းဆိုမှုများပြု လုပ်သလို ဆန္ဒဖော်ထုတ်တောင်းဆိုမှုများလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သော် လည်း တစ်စုံတစ်ရာညှိုနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးခြင်း မရှိ်သောကြောင့် မြေယာသိမ်းတိုက်ပွဲဆင်နွှဲ ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးဆောင်မည့်ဒေသခံများက ဆိုသည်။
“ဘာမှညှိနှိုင်းမှု ဒီနေ့ အချိန်ထိ မလုပ်ဘူး။ဒီကိစ္စတွေရှင်းပေးမယ်ဆိုပြီး မြို့နယ်ထွေအုပ်က ဆင့်ခေါ်တယ်။ သွားရင်လည်း အတွေ့မခံဘူး။ ကျွန်တော်တို့ မြေပြန်ရဖို့က ဥပဒေဘောင်အတွင်းက လုပ်တာမရလို့ မြေသိမ်းတိုက်ပွဲလုပ်မှာပါ”ဟု လယ်ယာမြေ ၈ ဧက သိမ်းဆည်းခံထားရသူ ဦးမောင်ကြွယ်က ပြောသည်။
မြေယာများသိမ်းဆည်းထားမှုနှင့်ပတ်သက်၍ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ဒေသခံ ဦးဆောင်သူများနှင့် တွေ့ဆုံညှိနှိုင်း ရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်တွင် အကြောင်းစာဖြင့် ခေါ်ယူခြင်းကြောင့် ဦးဆောင်သူများနှင့်ဒေသခံ ၁၀၀ ဦးကျော်တို့က သွားရောက်တွေ့ဆုံရာတွင်လည်း ယခင်အကြိမ်များအတိုင်းတွေ့ခွင့်မရခြင်းကြောင့် အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် မြေသိမ်းတိုက်ပွဲ ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
စုပေါင်းမြေသိမ်းတိုက်ပွဲဆင်နွှဲမည့်ကျေးရွာများမှာ လက်ကောင်း၊ ရေထွက်၊ တံငါ၊ တောင်ပြံုး၊ ရွာသစ်ကလေး၊ သရက်ကန်၊ ရေနံ့ သာ၊ ကျောက်စရစ်၊ ဥက္ကံ စသည့်ကျေးရွာများမှဖြစ်ပြီး ပထမဆုံး အနေဖြင့် စက်မှု(၁)မှ သိမ်းယူထားသော ကွင်းအမှတ် ၂၈၈ ရှိ ဧက ၂၀၀ ကို သိမ်းယူ၍ ထွန်ယက် စိုက်ပျိုးသွားမည်ဟု ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကျောက်စရစ်ကျေးရွာမှ ကိုရဲရင့်အောင်က ဆိုသည်။
မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က “ညှိနှိုင်းဖို့ ဆင့်ခေါ်တာပါ။ ဒါပေမယ့် ဝန်ကြီးချုပ် ခရီးစဉ်မှာ လိုအပ်တာတွေ လိုက်လုပ်ပေးနေရတော့ တွေ့ဖို့ နောက်ကျတာပါ။ ဒါကို ဆက်မစောင့်ဘဲ သူတို့ပြန်သွားတာပါ။ သူတို့ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ လုပ်ဖို့ တားသွားပါမယ်”ဟု ပြောသည်။
အဆိုပါ မြေသိမ်းတိုက်ပွဲဆင်နွှဲမည့်သူများသည် အစိုးရသက်တမ်းကုန်သည်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်အစိုးရ အသစ်လက်ထက်တွင်လည်း သိမ်းဆည်းလယ်ယာမြေများပြန်လည် စွန့်လွှတ် ပေးရန်အတွက် အသနာခံစာများတင်၍ တောင်းဆိုမှု များပြုလုပ်သွားမည်ဟု ဒေသခံများက ဆိုကြသည်။







