နိုင်ငံအဝှမ်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၁၆၇၈၅)ဦးရှိပြီး ထိုအထဲတွင် ၄၂ဦးသာလျှင် အမျိုးသမီးများဖြစ်ကြသည်ဟု ဒေသန္တရအဆင့်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု အပေါ် စစ်တမ်းကောက်ယူထားသော ကုလသမဂ္ဂဖွဲ့ဖြိုးမှုအစီအစဉ်(UNDP)မှ ဌာနေညွှန်ကြားရေးမှူး ဖြစ်သူ မစ္စတာ တွိုင်လီကာဗာနော့က ပြောသည်။
ထိုအရေအတွက်သည် ရာခိုင်နှုန်းအားဖြင့် ၁ရာခိုင်နှုန်းပင်မပြည့်ဘဲ တိတိကျကျဆိုလျှင် ၀ဒဿမ ၂၅ ရာခိုင်နှုန်းသာ ရှိသည်ဟု ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က နေပြည်တော်ရှိ အမရာ ဟိုတယ်တွင် ပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၂ဦးနီးပါး တက်ရောက်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မစ္စတာ တွိုင်လီကာဗာနော့က “အမျိုးသမီးတွေ ခေါင်းဆောင်မှုအနေအထားမှ ဆောင်ရွက်နိုင်ဖို့ အဟန့်အတားဖြစ်စေမယ့် လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားဆိုင်ရာ ရှေးရိုးစွဲတဲ့ အတွေးများနဲ့ တန်ဖိုးထားမှုများ များစွာရှိနေဆဲဖြစ်ပါတယ်”ဟု ပြောသည်။
ရှေးရိုးစွဲအတွေးများဖြစ်သော “ယောကျင်္ားကောင်း မောင်းမတစ်ထောင်” ဟူသည့် စကားပုံမျိုးမှာ အယူအဆမှားများသာဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ရပ်/ကျေးအဆင့်တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ၄၂ဦးရှိသော်လည်း မြို့နယ်အဆင့်တွင်မူ အမျိုးသမီး အုပ်ချုပ်ရေးမှူး တစ်ဦးတစ်ယောက်မျှပင် မရှိသေးပါဟုလည်း UNDP က ဆိုသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကားထားသော UNDP၏ အစီရင်ခံစာအရ ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး အမျိုးဆုံးရှိသည့် တိုင်းနှင့်ပြည်နယ်မှာ ဧရာဝတီ တိုင်းနှင့် ကရင်ပြည်နယ်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး ၁၁ဦးနှင့် ဧရာဝတီတိုင်းတွင် ၈ဦး ရှိသည်။
ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး လုံးဝမရှိသေးသည့် တိုင်းနှင့်ပြည်နယ်များမှာ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်တို့တွင် ဖြစ်သည်။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ဝင်းဝင်းမော်က "ကျွန်မ ကိုယ်တိုင်က နိုင်ငံတစ်ကာ က ခေါင်းဆောင်အမျိုးသမီးတွေကို အားကျတဲ့အတွက် ကျွန်မ ယုံကြည်ချက်နဲ့ ဒီနေရာကို အရွေးခံခဲ့တာ"ဟု မဇ္ဈိမသို့ ပြောသည်။ ရပ်ကွက်အုပ်ချုပ်းမှူးဘဝတွင် စိန်ခေါ်မှုနှင့် အခက်အခဲများစွာ ကြံုတွေ့ခဲ့ရသော်လည်း "ငါဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ ကျွန်မလုပ်ခဲ့တယ်"ဟု သူမက ဆိုသည်။







