"အခုမနက်မှ လာခတ်လို့တားနေတယ်။ ဒါပေမယ့်မရဘူး။ သူတို့ဆက်ခတ်နေတယ်"ဟု ခြံခတ်နေသည့် အထဲတွင် ပါသွားသည့် ဦးမြင့်သောင်းက ပြောသည်။
အဆိုပါ ခြံခတ်နေသောနေရာသည် ဘိုးဘွားပိုင်ဓါးမဦးချ လုပ်ကိုင်နေသော လယ်ယာမြေများဖြစ်ပြီး လယ်မစိုက်သည်မှာ တစ်နှစ်သာရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။
"ပတ်ပတ်လည်လည် ရေဝင်နေတယ်။ ရေထွက်ပေါက်မရှိတော့ စပါးကစိုက်မရဘူး။ အခုကတော့ ကန်စွန်းရွက်ခူး၊ ကြာပန်းချိုးရောင်းနေတယ်။ ဒီနေ့လိုအနိုင်ကျင့်တဲ့ပုံစံနဲ့ ခြံလာခတ်တာကို လက်မခံဘူး"ဟု လယ် တစ်ဧကခွဲ ခြံခတ်သည့်အထဲ ပါသွားသည့် မဆန်းအေးက ပြောသည်။
လယ်ယာမြေများခြံခတ် အသိမ်းခံရသည့် ဒေသခံများအနေဖြင့် မြေယာလျှော်ကြေးများ ပေးလျှင် ကျေနပ်မည်ဟု ဆိုသည်။
"ကျွန်တော်တို့ တခြားမှာ လုပ်စားဖို့ မြေလျှော်ကြေးတော့ ရချင်တယ်"ဟု လယ်တစ်ဧက ခြံခတ်ခံရသူ ကိုဌေးဌေးက ပြောသည်။
အဆိုပါလယ်ယာမြေများကို အလုပ်သမားကျွမ်းကျင်မှု သင်တန်းကျောင်းဖွင့်လှစ်ရန်အတွက် ၁၉၉၉ ခုနှစ်ကပင် အလုပ်သမားဝန်ကြီး ဌာနမှ သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် အလုပ်သမား ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး)ကို ဖွင့်လှစ်ခဲ့ကာ ဂဟေဆော်ပညာ၊ သံချီသံကွေး စသည့် များကိုသင်ကြားပေးခဲ့ကြောင်း၊ ယခုအခါထပ်မံ၍ ကျန်နေသည့်မြေကို တိုးချဲ့နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ရန်အတွက် ခြံခတ်နေခြင်းဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်းက ဆိုသည်။
"အခုမှသိမ်းတာမဟုတ်ဘူး။ ၉၉ ကတည်းက အစိုးရဂရမ်ပေါက်ပြီးသားပါ။ အခု နှစ်ထပ်ကျောင်း ဆောင် ဆောက်ဖို့ခြံခတ်တာပါ။ သိမ်းပြီးတာဆိုတာ သူတို့သိပြီးသားပါ"ဟု ဦးမင်းမင်းဝင်းက ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် မြေသိမ်းခံရသည်ကို ခြံလာခတ်မှသိရပြီး ဆက်လက်၍ မပြုလုပ်စေရန် တားဆီးခြင်းဖြစ်ပြီး အလုပ်သမားလယ်သမားအရေး ကူညီဆောင်ရွက်သူများနှင့် ချိတ်ဆက်၍ အကူအညီတောင်းခံသွားမည်ဟု ဆိုကြသည်။
အလုပ်သမား၊လယ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့(အထက်မြန်မာပြည်)တာဝန်ခံ ဦးအေးသိန်းက "ကျွန်တော်တိိုု့ ရုံးကို ဒီနေ့ ၃ နာရီကလာပြီးအကူအညီတောင်းပါတယ်။ ဖြစ်စဉ်က မသိရသေးဘူး။ မနက်ဖြန် အဲဒီနေရာသွားမယ်။ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးနဲ့ တွေ့မယ်။ တွေ့ပြီးမှပဲ ဘာဆက်လုပ်ရမယ်ဆိုတာပြောလို့ရမယ်။ တောင်သူတွေ ဘက်က ကူညီပေးဖို့ အသင့်ပါ။"ဟု ပြောသည်။







