လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသော NCA ကို ပြည်ထောင်စု လွတ်တော်တွင် ဒီဇင်ဘာလ ၈ ရက်တွင် အတည်ပြုမှုပေါ် UNFC က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် UPWC တို့NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် လွှတ်တော်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အလားတူ NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရန် ဆွေးနွေးခဲ့ သော်လည်း အစိုးရဘက်မှ အဖွဲ့ ၆ ဖွဲ့ကို ချန်ထားမှုပေါ် လက်မခံနိုင်ခဲ့ခြင်းသာဖြစ်ပြီး အားလုံး ပါဝင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
“အမှန်က အန်ကယ်တို့ မူကတော့ အားလုံးပါရေး၊ အားလုံး မပါဝင်ဘဲနဲ့တော့ တစ်နိုင်ငံလုံးမှာ အပစ်မရပ်ဆိုင်းဘဲ၊ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုတဲ့အမြင်ရှိတယ်။ ဒီတော့ လက်ရှိ အစိုးရနဲ့သော်လည်းကောင်း၊ တက်လာမှ နောက်အစိုးရနဲ့သော်လည်းကောင်း ကျနော်တို့ကတော့ ဆက်လက် ဆွေးနွေးသွားမယ်။ ကြိုးပမ်းသွားမယ်” ဟု သူက သတင်းထောက်များကို ပြောကြားခဲ့ သည်။ သို့သော် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မည်သည့်အစိုးရနှင့်သော်လည်းကောင်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။
“ကျနော်တို့အနေနဲ့ ဒီလို တပိုင်းတစနဲ့ အတည်ပြုထားတဲ့ စာချုပ်တခုကိုတော့ လွှတ်တော်မှာ အတည်ပြုတယ် ဆိုတဲ့ဟာက အားလုံး ပြီးပြည့်စုံခြင်း မရှိဘူးလို့ ကျနော်တို့ဘက်က နားလည်တယ်။ ဆက်လက် အကောင်အထည်ဖော်ရမဲ့အစိတ်အပိုင်းမှာ အခက်အခဲတွေ ကြံုလာရနိုင်တယ်လို့ ကျနော်တို့ မြင်တယ်”ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။
“ဒါကတော့ ကျနော်တို့ နဂိုကတည်းက အန်စီအေကို ဆွေးနွေးစဉ်ကတည်းက အဲဒီမှာပါဝင်တဲ့ အကြောင်းအချက် တစုံလုံး ပါဝင်ရေးကို အခြေခံထားတယ်။ ကျနော်တို့ သဘောမတူနိုင်သေးတဲ့ အဖွဲ့အစည်းတွေ လက်မှတ် မထိုးနိုင်တဲ့ အခြေခံဖြစ်တယ်။ လွတ်တော်မှာ တင်သွင်းမယ်ဆိုတဲ့ဟာက ကျနော်တို့အားလုံးပါဝင်မှ လွတ်တော်ကို တင်သွင်းမယ်လို့ အားလုံးက သဘောတူခဲ့တာ ဖြစ်တယ်။ အဲတော့ အခုက တစိတ်တပိုင်းဘဲ ထိုးပြီးတော့ တစ်စိတ်တပိုင်းဘဲ သွားနေတယ်ဆိုတဲ့ဟာက ခုန ကျနော်ပြောသလိုဘဲ မရေရာပါဘူး”
ထို့အပြင် ရွေးကောက်ပွဲ အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း မကြာမီ လွှတ်တော်အတွင်း အများစုပါဝင်မည် ဖြစ်ပြီး ယင်းပါတီအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေရေး လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်ဟု သူက ပြောသည်။
“အားလုံးမပါဝင်တဲ့အတွက် NLDလည်း ဘာဘဲပြောပြော လက်ရှိ အခြေအနေမှာ လွတ်တော်မှာ သူက မကြာခင်လဲ လွတ်တော်ကို မကြာခင် လွဲပြောင်းရယူမှာ ဆိုတော့ ဒီမတိုင်ခင်လဲမှာ အလျော့အတင်း သဘောမျိုး သူလုပ်ကောင်းလုပ်နိုင်မယ်။ သို့သော် သူတကယ်တမ်း အာဏာရလာတဲ့ အချိန်ကြရင် သူ့မှာလည်း သူ့ပေါ်လစီတွေ ရှိမှာပေါ့နော်။ လွတ်တော်မှာ သူက အများစုရှိမယ်။ သူကတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ပတ်သက်ပြီးတော့ ကျန်တဲ့ပါတီ အဖွဲ့ အစည်းတွေ ကိုလည်း ထည့်သွင်းစဉ်းစားမယ်ဆိုတာ ပြောထားပြီးသားဖြစ်တယ်”ဟု သူက ပြောဆိုသည်။
ထို့အပြင် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် မည်သို့ ဆက်စပ် ဆောင်ရွက်မှု အပေါ် စောင့်ကြည့်၍ အကယ်၍ နှစ်ဖက် ဆက်လက် ညှိနှိုင်းဆေင်ရွက်ခြင်း မရှိပါက အခက်အခဲများ ရှိလာနိုင်သည်ဟု သူက ပြောသည်။
“အန်စီအေမှာ ရှေ့ဆက်သွားမယ့် အဆင့်မှာ လမ်းပြမြေပုံ ရ ချက်အရ ဆက်သွားမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ၊ နောက်နိုင်ငံရေးဆွေးနွေးပွဲ တွေ အဆင့်ဆင့်သွားဖို့ ရှိပါတယ်။ အဲမှာ ဘယ်သူတွေ ပါဝင်မလဲ။ ဘယ်သူတွေ ကိုယ်စားပြုမလဲဆိုတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ သဘောထား အကျေအလည် ကျေသေးပါဘူး။ ဥပမာ ကျနော်တို့ ဘက်က ပြောနေတာက သုံးပွင့်ဆိုင်၊ တပ်မတော်ဘက်က ပြောနေတာက ၅ ပွင့်ဆိုင်၊ တချို့ကလည်း ၄ ပွင့်ဆိုင်၊ တချို့ကလည်း ၆ ပွင့်ဆိုင်ပြောနေတယ်။ အဲဒါပဲ ကြည့်တော့ ရှုပ်နေတာပါဘဲ။ အဲဒါ ဘယ်လိုဆက်သွားမလဲ”ဟု သူက ဆက်လက် ပြောဆိုသည်။
UPWC ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဒီဇင်ဘာ ၈ရက်တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ရာ လက်ရှိ လက်မှတ်မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရန် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အများစုက ဆွေးနွေးခဲ့သည်ဟု သိရသည်။







