စစ်တပ်မှသိမ်းယူထားသည်ဟု ဒေသခံမူလပိုင်ရှင်များက သက်ဆိုင်ရာအထက် အဆင့်ဆင့် တင်ပြတောင်းခံခြင်းများ ရှိနေခြင်းကြောင့် ၂၀၁၅ခုနှစ်၊ဒီဇင်ဘာလ ၁ ရက်နေ့က ကန်တော်ကြီး စားဥယျာဉ်တွင် ဒေသခံများကို ခေါ်ယူကာ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ ငါးမွေးမြူရေးကန်များကို စည်ပင် သာယာရေးကော်မတီထံမှငှားရမ်း၍ တပ်ရက္ခာအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးမင်းဟိန်းက ဆိုသည်။
“ငါးကန်တွေကို အရင်ကလည်းသိမ်းတာ မဟုတ်သလို ခုလည်း သိမ်းတာမရှိဘူး။ သပိတ်ကျင်း၊ ပြင်ဦးလွင် စတဲ့နေရာတွေက စစ်ကြောင်းကြီးတွေမှာ ငါးရိက္ခာရဖို့ စည်ပင်ကနေငှားရမ်းခဲ့တယ်။ စဉ်ဆက်မပြတ်အဲလိုသုံးခဲ့တာပဲ။”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအခြေအနေတွင်၊ အမှတ် ၅ စစ်နယ်မြေက မလုပ်နိုင်သောကြောင့်ငါးမွေးမြူ ရေးလုပ်ကိုင်နိုင် သည့် ဦးတင်မြင့်အား လုပ်ကိုင်ခွင့်ပေး၍ လိုအပ်သည့် ငါးရိက္ခာပေးသွင်းစေခြင်းဖြင့် တဆင့် လုပ်ကိုင်ခိုင်ခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူး မင်းဟိန်းက ဆက်လက်ဆိုသည်။
ငါးကန်နှင့်ဆက်စပ် မြေများကိုလည်း သိမ်းယူထားခြင်းမရှိ၍မူလပိုင်ရှင်များဘက်က ပြန်လည်ရယူ လိုလျင် မြို့တော်စည်ပင်သို့ ဆက်လက်တင်ပြတောင်းဆိုရမှာ ဖြစ်သည်ဟု ဗိုလ်မှူးမင်းဟိန်းက ဆိုသည်။
"ကျွန်တော်တို့ သိမ်းခဲ့တာ မဟုတ်တဲ့အတွက် စည်ပင်က ပြန်စွန့်လွှတ်ရင် ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။"ဟု ဗိုလ်မှူးမင်းဟိန်းက ပြောသည်။
အဆိုပါနေရာရှိ သံလျက်မှော်/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ငါးကန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပိုင်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ဆိုတော့ အများပြည်သူက တပ်ကဘဲ သိမ်းထားတယ်လို့ အထင်မှားနေတာပါ။”ဟု ပြောသည်
အဆိုပါ ငါးကန်များနေရာတွင် ကုန်းမြေများပါ၀င်နေပြီးယခင်က ကုန်းမြေများတွင် မူလပိုင်ရှင်များက ရာသီပေါ်သီးနှံများစိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ယခုအခါတွင်ကုန်းမြေများပေါ်သို့ပိုင်ရှင်ဆိုသူများပင် ဝင်ရောက်ခွင့် မရရှိဘဲ တားဆီးမှုများရှိခဲ့ပြီး ဖမ်းဆီးအရေးယူမှုများလည်းရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။
“ကျွန်မဦးလေးက အင်းထဲကို ဆင်းပြီး ကန်ဇွန်းရွက်ခူးတာကို ငါးကန်စောင့်သူတွေက ငါးခိုးတယ်ဆိုပြီး စက်လှေတွေနဲ့ ဖမ်းသလို ကုန်းပေါ်ကနေ ဖမ်းတာမျိုး လုပ်တယ်။ ကိုယ်ပိုင်တဲ့ ကုန်းမြေကိုတောင်သွားလို့မရဘဲ ငါးခိုးမှုတပ်ပြီး အချုပ်ထဲပို့တာ တော်တော် များတယ်။”ဟု သိမ်းဆည်းခံမြေများတွင် ပါဝင်သည့် မလှလှမိုးက ပြောသည်။
အဆိုပါ ငါးကန်ကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက "စည်ပင်က သိမ်းတာတော့ ဟုတ်တယ်။ ဒါပေမယ့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်လွှဲခဲ့တယ် ထင်တယ်။"ဟု ပြောသည်။
အဆိုပါ ငါးကန်ဧရိယာသည် ၂၇၄ ဒသမ ၄ ဧက ကျယ်ဝန်းပြီး ၁၉၉၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူခဲ့သည်ဟု ငါးကန်နှင့် ကုန်းမြေအသိမ်းခံရသူများက ဆိုသည်။
"စစ်တပ်က သိမ်းထားတာ မဟုတ်ဘူးဆိုရင် သူတို့ ဆိုင်းဘုတ်မထောင်နဲ့လေ။ အခုကျမှ စည်ပင်က သိမ်းတယ်လာမလုပ်နဲ့။ ကျွန်တော်တို့ စာတင်တောင်းဆိုနေတာကြာပြီ။"ဟု အသိမ်းခံထားရသူ ဦးမြင့်အေးက ပြောသည်။
အဆိုပါ ငါးကန်နှင့် ကုန်းမြေပြန်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်မှစတင်၍ သက်ဆိုင်ရာ အဆင့်ဆင့်ကို စာတင်၍ တောင်းဆိုနေခဲ့ကြပြီး ဆက်လက်၍လည်း စည်ပင်သာယာရေးကော်မတီအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ပြန်လည်စာတင်၍ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ဒေသခံများက ဆိုသည်။
"ဘယ်သူ သိမ်းသိမ်းပါ။ စစ်တပ်ကပဲသိမ်းသိမ်း။စည်ပင်ကပဲသိမ်းသိမ်း သိမ်းတာဟာ သိမ်းတာပါပဲ။ အခုမှ ထမင်းရည်ပူ လျှာလွဲလုပ်တာမျိုးတော့ လက်သင့်မခံဘူး။"ဟု အဆိုပါ ကန်များပြန်လည် ရရှိအောင် ကူညီဆောင်ရွက်ပေးနေသူ ဦးအေးသိန်းက ပြောသည်။







