ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်ပြမှု နည်းပါးနေသေး

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်ပြမှု နည်းပါးနေသေး
by -
မဇ္ဈိမ
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော အမတ်လောင်းများအား သက်ဆိုင်ရာ ခရိုင်အလိုက် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်ပြရန် ထုတ်ပြန်အသိပေး ထားသော်လည်း ရှုံးနိမ့်သူများ၏ တင်ပြမှုနည်းနေသေးသည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ရွေးကောက်ပွဲနည်းဥပဒေ ရ၇ အရ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ ၂၀ ဖြင့် တင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလကုန်ပိုင်း၌ ကြေညာခဲ့သည်။

''သိရသလောက် တင်ပြတာတွေ နည်းနေသေးတယ်။ ခရိုင်နဲ့ တိုင်းဒေသကြီးက စာရင်းတွေ မစုရသေး တော့ အတိအကျတော့ မသိသေးဘူး။ နိုင်နိုင်ရှုံးရှုံး တင်ရမှာ။ ရက်ပေါင်း ၃၀ အတွင်း မတင်ဘူးဆိုရင် အရည်အချင်းပျက်ယွင်းသူ ကြေညာခံရပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်လို့ မရတော့ဘူး။ ခုံဖွဲ့ စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားနိုင်တယ်။ အဓိက ရှုံးတဲ့ လူတွေ မတင်ကြဘူး။''ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက မဇ္စျိမသို့ ပြောသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ကာလ၌ အမတ်လောင်း ၃၀၆၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၂၁ ဦး ကုန်ကျ စရိတ်တင်ခြင်းမရှိဟု သိရသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ၆၀၇၄ ၀င်ပြိုင်ကြပြီး ကုန်ကျစရိတ် မတင်မည့်သူ မည်မျှရှိမည်ကိုမူ မပြောနိုင်သေးကြောင်း ဆိုသည်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ''ကျွန်တော်တို့ စာရင်းတွေ ခုမှ စီစစ်တုန်း၊ ရေးနေကြတုန်း။ မိုးညှင်းနဲ့ ဖားကန့်ကတော့ ဒီနေ့ တင်တယ်။ မြစ်ကြီးနားခရိုင်မှာ တစ်ဦး၊ နှစ်ဦးတင်ကြပြီ။ နိုင်တဲ့သူတွေ အရင်တင်နေတယ်။ ရှုံးတဲ့သူ တွေတော့ နောက်မှတင်မယ်။ ကော်မရှင်က နိုင်တဲ့သူရော ရှုံးတဲ့သူပါ တင်ရမယ်ပြောထားတယ်။''ဟု မဇ္စျိမသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်း အား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်သို့ ခရိုင်မှ တဆင့်တင်ရပြီး တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ပြိုင်သည့်သူများက ပြည်နယ်(သို့)တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ တင်ရသည်ဟု ဆိုသည်။

"ကျွန်တော်တို့ဆီမှာ ကရင်နဲ့ ရခိုင် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၁၀ ဦး ပြိုင်တယ်။ သုံးဦးပဲ လာတင်သေးတယ်။ ကျန်တဲ့သူတွေကိုလည်း လာတင်ဖို့အကြောင်းကြားထားပါတယ်။ လာတင်တာက အနိုင်ရတဲ့ NLD ရယ်၊ ရှုံးတဲ့ ကြံ့ခိုင်ရေးနဲ့ ကရင်အမျိုးသားပါတီက သုံးဦးပါ"ဟု ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပုံစံ ၂၀ ဖြင့် ကုန်ကျစရိတ် တင်ပြလာသည်ကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ကပ်ထားပေမည်ဖြစ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံ မဖော်ပြလျှင် သော်လည်းကောင်း၊ အသုံးစရိတ် အပို/အလို ရှိသည်များကို အခြားသူက ကန့်ကွက်လာနိုင်ပြီး အရေးယူခံရနိုင်သည်ဟု ရှင်းပြသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...