သူရဦးရွှေမန်း သမ္မတဖြစ်မှ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်နိုင်မည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြော

သူရဦးရွှေမန်း သမ္မတဖြစ်မှ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်နိုင်မည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြော
by -
မဇ္ဈိမ
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား သမ္မတအဖြစ် တင်မြောက်မှသာ အစိုးရသစ် လက်ထက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပြင်ဆင်နိုင်လိမ့်မည် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားလိုက်သည်။

အစိုးရသစ်လက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဦးရွှေမန်းဦးဆောင်ပြီးမှ ပြည်ထောင်စုအစိုးရကို ထိမ်းညှိမယ်။ နောက် ပြည်ထောင်စုပါလီမန်ထဲမှာ ရှိတဲ့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိပြီးကာမှ ၅၉(စ)ကိုပြင်ပြီးမှ   ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် ပုံဖော်လာနိုင်တဲ့ အခြေနေရှိတယ်။ လာမယ့်ကာလမှာ NLD ဘက်က တင်မယ့် သမ္မတရဲ့ သြဇာအာဏာ တပ်မတော်အပေါ်မှာ ချဉ်းကပ်နိုင်ဖို့နဲ့ စွဲဆောင်နိုင်ဖို့ အင်မတန်အရေးကြီးတယ်။ အဲလိုမဟုတ်ဘဲနဲ့ အရပ်သားသမ္မတသာ တင်ပေးလိုက်ရင် ကျွန်တော် ထင်တယ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ဇီးရိုးကို ဖြစ်သွားနိုင်တယ်"ဟု ဒေါက်တာအေးမောင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲအနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် အကြိမ်ရေ ခပ်စိပ်စိပ် တွေ့ဆုံခဲ့ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် သူရဦးရွှေမန်းအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ တပ်မတော်အား စည်းရုံးနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်ရေးအတွေ့အကြံုမရှိသည့် ပါတီဝင် လေးဦးမှ ဆယ်ဦးကို သမ္မတလောင်းအဖြစ် လျာထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သူ၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင် ပြောကြားထားသည်။

‘‘လေးယောက်ကနေ ဆယ်ယောက်လောက် လျာထားတယ်။ သမ္မတဖြစ်မယ့် လူဟာ ပါတီဝင် ဖြစ်ပြီး အရင်ရော၊ လက်ရှိရော စစ်ရေးအတွေ့အကြံုမရှိသူ ဖြစ်ရမယ်’’ဟု ဦးဉာဏ်ဝင်းက   ပြောကြားကြောင်း နိုဝင်ဘာ ၂၉ ရက်ထုတ် ယိုမိယူရီ သတင်းစာက ဖော်ပြထားခြင်း ဖြစ်သည်။

လတ်တလောတွင် ယခင်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက ဦးတင်ဦး၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက် စသဖြင့် သမ္မတလောင်းအဖြစ် ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမကိုယ်တိုင် သမ္မတ ဖြစ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပြီး ၂၀၁၂ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲသို့ ဝင်ရောက်အရွေးချယ်ခံစဉ်ကပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်မည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် လွှတ်တော်နာယက သူရဦးရွှေမန်းကိုတိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်မဲဖြင့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ(၄၃၆) အပါအဝင် အရေးကြီးသည့် ပုဒ်မများ ပြင်ဆင်ရေးမှာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...