မန္တလေးဆိပ်ကမ်းတွင် ရေလမ်းအကောက် စခန်းစတင် ဖွင့်လှစ်ကောက်ခံ

မန္တလေးဆိပ်ကမ်းတွင် ရေလမ်းအကောက် စခန်းစတင် ဖွင့်လှစ်ကောက်ခံ
by -
မဇ္ဈိမ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကြောင်းသွား ရေယာဉ်များကို ရေလမ်းဖြတ်သန်းခ ကောက်ခံရန် အကောက်စခန်းအား မီးသွေးတိုက်ကျေးရွာအုပ်စု၊ ဆင်ကျံုးရွာ ဆိပ်ကမ်းတွင် ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ကောက်ခံနေပြီဖြစ်သည်။

အဆိုပါ ရေလမ်းအကောက်စခန်းမှာ မန္တလေး-ဧရာဝတီဆိပ်ကမ်းတွင် ပထမဆုံး စတင်ကောက်ခံခြင်း ဖြစ်ပြီး နံနက် ၆-နာရီမှ စတင်လုပ်ဆောင်ခြင်းဖြစ်ရာ ညနေ ၆ နာရီအထိ ၆၈ စီး ကောက်ခံခဲ့ရာတွင် တွဲယာဉ် ၁၈ စီး နှင့် ၎င်းအား တွန်းပို့မောင်းနှင်သည့် တွန်းရေယာဉ် ၁၈ စီး၊ လုံးချင်းရေယာဉ် ၃၂ စီး ပါဝင်ကြောင်း သိရသည်။

"ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များအတိုင်း ကောက်ခံ တာပါ။ ရရှိလာတဲ့ အခွန်ငွေကို ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရေးအတွက် မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်းရာမှာ ပြန်လည်အသုံးပြုမှာ ဖြစ်တယ်။"ဟု ရေအရင်းအမြစ် နှင့် မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးသိန်းရွှေက ပြောသည်။

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာနေကြသည့် ရေယာဉ်များအား ရေလမ်းဖြတ်သန်းခ အကောက် စခန်း၁၀-ခုကို ဖွင့်လှစ်ကောက်ခံမည်ဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ပြည်၊ မကွေး နှင့် ချင်းတွင်းမြစ်ကြောင်းတွင် မုံရွာမြို့၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ကောက်ခံနှုန်းက အဆင်ပြေပါတယ်။ ကောက်ခံတဲ့ငွေနဲ့ ရေကြောင်းကောင်းဖို့ ရေလမ်းချဲ့တာတို့၊ သောင်တူးတာတို့ လုပ်ပေးရင် သွားလာနေတဲ့ ရေယာဉ်တွေ ခရီးမဖင့်တော့ဘူး။ လုပ်သင့်တဲ့ လုပ်ငန်း ပါ”ဟု ဟုမ္မလင်း-ဗန်းမော်သွား ရေယာဉ်ပိုင်ရှင် ကောင်း ဆက်ဓနရေယာဉ်အသင်းမှ ဦးကျော်လင်းက ပြောသည်။

မုံရွာ ဆိပ်ကမ်းတွင် ရေယာဉ်အချို့က အကောက်စခန်းကို သိရှိမှုနည်းခြင်းကြောင့် ကျော်လွန် မောင်းနှင်မှုများရှိပြီး စက်လှေဖြင့်လိုက် လံကောက်ခံရကြောင်း မုံရွာအကောက် စခန်းမှ လက်ထောက် ညွှန်မှူးဦးတင်အောင်ထွန်း ထံမှ သိရသည်။

"လက်ရှိတော့ ရေလယ်ကနေ ကောက်နေတယ်။ တချို့ကျတော့ စက်လှေသုံးရတာပေါ့။ ကောက်ခံတဲ့ အခါ ရေလမ်းကြောင်းကောင်း တဲ့ ရေနက်အိုးနေရာ ရွေးပြီး လုပ်ရတယ်။”ဟု ၎င်းက ပြောသည်။

ကောက်ခံသည့် နှုန်းများမှာ ၃၉ ပေအောက် ရေယာဉ်များအား တစ်တန်လျင် ၂၀၀-ကျပ်၊ ၃၉-ပေ အထက် ရေယာဉ်များအား တန်တစ်ရာအထိ တစ်တန်လျင်၅၀-ကျပ် နှင့် သစ်လုံးတစ်လုံး ၃၀-ကျပ်၊ မျှောတိုင်တစ်ချောင်း ငါးကျပ်၊ ရိုးရိုးဝါးတစ်လုံး နှစ်ကျပ်ခွဲ နှုန်းဖြင့် ကောက်ခံနေပြီဖြစ်သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...