မိုးညှင်းတွင် အစိုးရစစ်ကြောင်းက ဒေသခံ လေးဦးကို ဖမ်းဆီးထားဟုဆို

မိုးညှင်းတွင် အစိုးရစစ်ကြောင်းက ဒေသခံ လေးဦးကို ဖမ်းဆီးထားဟုဆို
by -
မဇ္ဈိမ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ကိုတန်ဂွန်း၊ ကိုဇော်လတ်၊ ကိုဘဝင်း၊ ကိုကျော်သောင်းတို့ လေးဦးကို အစိုးရ၏ စစ်ကြောင်း ခမရ တပ်ရင်း ၂၀၈ က စစ်ကြောင်းအတွင်း တွေ့ရှိသဖြင့် ဖမ်းဆီးထားသည်ဟု သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်အေးက ပြောသည်။

“ကျနော်သတင်းရတာက ၄ ယောက်လောက်ရှိတယ်။ သူတို့လေးယောက်ကို ရဲစခန်းမှာ စစ်ဆေး မေးမြန်းဖို့ ဆိုပြီးတော့မှ ခေါ်ထား တာပေါ့လေ။ အမြှောက်တပ် ၂၀၈ ကနေပြီးတော့မှ သွားရင်းနဲ့ စစ်ကြောင်းလမ်း အဲဒီမှာတွေ့ပြီး ခေါ်ထားတာပါ။ သူတို့ကို မေးမြန်းစစ်ဆေးပြီးတော့မှ ပြန်လွတ်ပေးမယ်လို့ ပြောတယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့၊ ညနေက ဦးတန်ဘောင်တန်ဂွန်း(အသက် ၆၀ နှစ်ကျော်)၊ ဦးဇော်လတ် (၆၀ ကျော်)တို့ အပါအဝင် ဒေသခံ ၅ ဦးတို့ကို မြို့ပြင်သို့ မိမိတို့ နွားသွားရှာနေစဉ် လမ်းတွင် အစိုးရ စစ်တပ်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ၎င်းတို့ကို မိုးညှင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းက မိုးညှင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးခံရသူများ၏ အခြေအနေကို သွားရောက်မေးမြန်းခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ရဲတပ်ဖွဲ့တွေ ဖမ်းတာ မဟုတ်ပါဘူး။ စစ်တပ်က ဖမ်းဆီးပြီးတော့ လာပို့ထားတာ”ဟု မိုးညှင်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဒေသခံများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍ မိုးညှင်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အဲဒါတော့ ပွင့်ပွင့်လင်းလင်း ပြော ရရင် တောထဲမှာ ဘယ်သူမှ မရောက်တာ ဘယ်သူမှ ဖမ်းဆီးတာ မသိပါဘူး”ဟု တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့တွင် အစိုးရ စစ်တပ်မှ မိုးညှင်းဗျူဟာမှူးမှ မိုးညှင်းမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ အား ခေါ်ယူ၍ မည်သူမျှှ မြို့ပြင်သို့ မထွက်ရန်၊ အကယ်၍ မြို့ပြင်သို့ ထွက်ပါက ပစ်ခတ်မည်ဟု သတိပေးပြောဆိုခဲ့သည်ဟု ဒေသခံ များက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် အစိုးရ စစ်တပ်များ တိုးမြှင့်မှုများ ရှိနေဆဲဖြစ်ပြီး မိုးညှင်းမြို့ရှောင်လမ်း သို့မဟုတ် မြို့ပတ်လမ်းပေါ်မှ လက်နက်ကြီးဖြင့် KIA အခြေချရာဘက်သို့ ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်၍ အစိုးရ စစ်တပ်က KIA တပ်မဟာ ၈ ဌာနချုပ် ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က နိုဝင်ဘာ ၁၆ ရက်နေ့က ပြောဆိုခဲ့သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...