အဆိုပါအများသုံးရေကန်သည် ဘိုစဉ်ဘောင်ဆက် သောက်သုံးရေနှင့် စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုခဲ့သောရေကန်ဖြစ်ပြီး တစ်ရွာလုံးအားထား အသုံးပြုနေသော ရေကန်လည်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အသက် ၆၉ နှစ်အရွယ်ရှိ ဦးလှစိန်က “ဒီကန်က အဘတို့ မမွေးခင်ကတည်းက ရှိနေတဲ့ကန်ပါ။ တစ်ရွာလုံးဒီကန်ကိုပဲ တစ်နှစ်ပတ်လုံး အသုံးပြုနေရတယ်။ ဒါကို ဖောက်ချမယ်ဆိုတော့ ဘယ်လက်ခံမလဲ။ အဘတို့ ရေဘယ်သုံးရမလဲ။လယ်ဘယ်လိုစိုက်ရမလဲ။ ဒီဘက်မှာ ရေရှားတယ်ဆိုတာ အားလုံးသိတယ်။"ဟု ပြောသည်။
အဆိုပါ အများသုံး ရေကန်အား ဖောက်ချရန် မြို့နယ်ထွေအုပ်မှ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကျေးရွာသို့ အသိပေးအကြောင်းကြား ခဲ့ခြင်းဖြစ်သည်ဟု ကျောက္ကံကျေးရွာ ရာအိမ်မှူး ဦးသိန်းဦးက ဆိုသည်။
“ဒီကန်ဟာ ပုံစံ ရ ပေါက် ပိုင်ရှင်ရှိတယ်။ ဒီကန်ထဲမှာ ပိ်ုင်ရှင်က စိုက်ပျိုးတော့မယ်။ ဒါကြောင့် ရေကို ဖောက်ထုတ်ရမယ်ဆိုပြီးပါတယ်။ ဒါဟာ ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကန်ပတ်ပတ်လည်မှာ စိုက်နေတဲ့ တောင်သူတွေတောင် ပုံစံ ရ မရဘူး။ ပုံစံ ၁၀၅ တောင် မကျဘူးဗျာ။
ဒါကို ရေရှိတဲ့ နေရာက ပုံစံ ရ ပေါက်နေတယ်။ ပိုင်ရှင်ရှိတယ်ဆိုတော့ မရိုးမသား လုပ်တာပဲ။ ဒီရေ မရှိရင် ဘာနဲ့စိုက်မလဲ။ ဘာရေကို သုံးရမှာလဲ။ ကျွန်တော်တို့ကတော့ လုံးဝ ဖောက်ချမခံနိုင်ဘူး။ ကြိုက်တဲ့ သူလာဖောက် ရအောင် တားမယ်။"ဟု ဦးသိန်းဦး က ပြောသည်။
အဆိုပါ ကျောက္ကံကျေးရွာသည် အိမ်ခြေ ၃၄ အိမ်ရှိပြီး လူဦးရေ ၁၅၀ ရှိကာ တောင်သူလုပ်ငန်းဖြင့် အသက်မွေးနေကြပြီး လယ်ယာမြေ ဧက ၄၀ ကျော်ရှိသည်။ ထိုလယ်ယာမြေများသည် အများသုံး ရေကန်တွင်ရှိသော ရေဖြင့်သာ စိုက်ပျိုးနေရခြင်းဖြစ်ကာ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ရန် မိုးရေကို စုထားရသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံများသည် အများသုံး ရေကန်အား ပုံစံ ရ ချထားပေးခဲ့သူများကို အရေးယူပေးနိုင်ရန် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားသွားမှာဖြစ်ပြီး ကန်အတွင်းမှ ရေများဖောက်မချရန် အတွက်လည်း တင်ပြသွားမည်ဟု ဆိုကြသည်။
အဆိုပါကိစ္စကို ကူညီဆောင်ရွက်ပေးနေသော တံတားဦးမြို့နယ်၊ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူက “ကျွန်မတို့ မြို့နယ်ထွေအုပ်နဲ့လည်း တွေ့နေတယ်။ မြေစာရင်းနဲ့လည်း တွေ့နေတယ်။ ကျွန်မတို့ ကန်ကို ကြည့်ပြီးပါပြီ။ ဒီကန်ကို ပုံစံ ရ ချပေးထားတာဟာ မရိုးသားမှုတွေ ပါတယ်။ ဒါကို ဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားမယ်။"ဟု ပြောသည်။
တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ဇော်က “ရေဖောက်ခိုင်းတာက ဟုတ်ပါတယ်။ ပိုင်ရှင်က တင်ပြလာလို့ပါ။ သူတို့ပိုင်တဲ့ လယ် ငါးဧကက အဲဒီကန်ထဲမှာ ရှိတယ်လို့ တင်ပြလာလို့ပါ။ သူတို့မှာ ပုံစံ ရ ရှိပြီးသားဆိုတော့ သူတို့က ပိုင်နေတယ်လေ။ ဒါကြောင့် ညှိနေပါတယ်။ အဲဒီရွာရေရှား တာလည်း ကျွန်တော်သိတယ်။ ဒီရေကိုပဲ သုံးနေရတယ်ဆိုတလည်း ကျွန်တော်သိတယ်။
ဒါကြောင့်ရေကို အကုန်မထုတ်ခိုင်းဘူး။ ပြီး ကျွန်တော်တို့ထုတ်မှာလည်း မဟုတ်ပါဘူး။ သူတို့ တင်ပြတဲ့အပေါ်မှာ ကျွန်တော်က ဆည်မြောင်းကို ညွှန်ကြားလိုက်တာပါ။ ကျွန်တော့်အနေနဲ့ကတော့ နှစ်ဖက် စလုံးကို မနစ်နာစေချင်ဘူး။ အဆင်ပြေတဲ့ နည်းလမ်းနဲ့ပဲ သွားမှာပါ။ ပုံစံ ရ ကိစ္စကတော့ မြေစာရင်းနဲ့ ရှင်းရပါလိမ့်မယ်။ မဟုတ်ဘဲနဲ့ ထုတ်ပေးထားတယ်ဆိုရင်တော့ ပါဝင်ခဲ့တဲ့သူတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားပါ့မယ်။"ဟု ပြောသည်။
တံတားဦးမြို့နယ်မြေစာရင်း ဦးစီးမှူး ဦးထွန်းနောင်ဝင်းကလည်း “ပုံစံ ရ ကိစ္စက သူတို့တိုင်ရင် ကျွန်တော်တို့ ပြန်စစ်မယ်။ တင်ပြသလို ဟုတ်တယ်ဆိုရင်တော့ လုပ်တဲ့ သူခံပေါ့။ ကျွန်တော်တောင် ပါချင်ပါနေမှာ ကျွန်တော့်လက်မှတ်ထိုးလည်း ပါချင်ပါနေမှာလေ။ ပြောလို့တော့ မရဘူး။ တိုင်ရင်တော့ ပြန်စစ်ဆေးမှာပေါ့။ လက်ရှိအနေအထားကတော့ ရေဖောက်ဖို့ထုတ်ဖို့ ညွှန်ကြားထားတာရှိတယ်။"ဟု ပြောသည်။
ဒေသခံများအနေဖြင့် ရေလာရောက်ဖောက်မည့် အဖွဲ့များကို တစ်ရွာလုံးက တားမြစ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့ထားသောစာများ ပြန်စာမရမချင်း ဖောက်ချရန်လာရောက်သူများကို နည်းမျိုးစုံဖြင့် တားဆီးသွားမည်ဖြစ်ဟု ဆိုကြသည်။







