ဖြူးမြို့နယ် ကိုယ်စားလှယ်လောင်း ကျန်းမာရေး အခြေအနေ စိုးရိမ်ရဟု ၎င်း၏ ရှေ့နေဆို

ဖြူးမြို့နယ် ကိုယ်စားလှယ်လောင်း ကျန်းမာရေး အခြေအနေ စိုးရိမ်ရဟု ၎င်း၏ ရှေ့နေဆို
by -
မဇ္ဈိမ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မ(၇)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် စိုးရိမ်ရကြောင်း ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က နိုဝင်ဘာ ၁၉ရက်နေ့က ဒဂုံမြို့နယ် တရားရုံးက ၄ကြိမ်မြောက် ရုံးထုတ်အပြီး ပြောသည်။

"ကျန်းမာရေးအခြေနေ ဆိုးရွားနေတယ်ဗျ။ စိုးရိမ်ရတယ်ပေါ့နော်။ နှလုံးနဲ့ အသက်ရှူမဝတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဝေဒနာတွေခံစားနေရတယ်။ လက်ရှိလည်း ထောင်ဆေးရုံမှာ  ဆေးကုသမှု ခံယူရင်း အမှုလာ ရင်ဆိုင်နေရတာပါ"ဟု ဦးသန်းဇော်အောင်က ပြောသည်။

ဒေါက်တာ မြတ်နုခိုင်အား တရားလိုပြ စစ်ဆေးမှုအဖြစ် နိုဝင်ဘာ ၁၉ရက်နေ့က ဒဂုံမြို့နယ် တရားရုံးတွင် (၄)ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး အမှုကို နိုဝင်ဘာ ၂၇ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါက်တာ မြတ်နုခိုင်အား တရုတ်သံရုံးရှေ့ ဆန္ဒပြမှုတွင် ပါဝင်သည်ဟုဆိုကာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် ဖြူးမြို့နယ်အတွင်း၌ ဒဂုံမြို့နယ်ရဲစခန်းက အောက်တိုဘာ ၁၇ရက်နေ့က ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

တရုတ်သံရုံးရှေ့ ဆန္ဒပြမှုတွင် ပါ၀င်သူအဖြစ် ၎င်းအား တရားစွဲဆိုထားသည့်အတွက် အမှုရင်ဆိုင်နေရ သော်လည်း သူမအနေဖြင့် ဆန္ဒပြနေစဉ် တရုတ်သံရုံးအရာရှိများသိအောင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာ ဖြစ်သည့်အတွက် အပြစ်မရှိကြောင်း (၄)ကြိမ်မြောက် ရုံးထုတ်ရာတွင် ဒေါက်တာ မြတ်နုခိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါက်တာမြတ်နုခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းညွန့်၊   မြန်မာနိုင်ငံ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာ စန်းယု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်နန်းခင်ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်တင်မာဝင်း၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကိုကိုကျော်တိုင်နှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ကော်မရှင်၏ ခွင့်ပြုချက်ရှိထားသူ ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...