ရှမ်းနှင့် ကချင်ပဋိပက္ခများအပေါ် လုံခြံုရေးကောင်စီက အရေးယူရန် လိုအပ်ပြီဟု ဘားမားကမ်ပိန်းယူကေ တိုက်တွန်း

ရှမ်းနှင့် ကချင်ပဋိပက္ခများအပေါ် လုံခြံုရေးကောင်စီက အရေးယူရန် လိုအပ်ပြီဟု ဘားမားကမ်ပိန်းယူကေ တိုက်တွန်း
by -
မဇ္ဈိမ
ဗြိတိန်နိုင်ငံအခြေစိုက် ဘားမားကမ်ပိန်းယူကေက နိုဝင်ဘာ ၁၈ ရက် နံနက်အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်းက အခြေအနေများနှင့် ပတ်သက်ပြီးဆွေးနွေးရာ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် တပ်မတော်က ပို၍ ထိုးစစ်ဆင်လာခြင်းနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂလုံခြံုရေးကောင်စီ အဖွဲ့ဝင်များသို့ တိုက်တွန်းလိုက်သည်။

အစည်းအဝေးကို နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၆ ရက်နေ့က မြန်မာ့တပ်မတော်က ရှမ်းပြည်တွင် ထိုးစစ်သစ်များ ဆင်နွှဲခဲ့ပြီး ထိုးစစ်ကို တပ်ရင်း ၁၄ ရင်းဖြင့် ဆင်နွှဲရာတွင် အရပ်သားများလည်း မြေစာပင်ဖြစ်ခဲ့ရသည်ဟု ဘားမားကန်ပိန်း ယူကေက ဆိုသည်။

ရွေကောက်ပွဲနေ့က အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး တပ်မတော်ဘက်က ပစ်ခတ်၍ သေဆုံး ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုများက ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုနှင့် ငြိစွန်းကြောင်း ဆိုထားသည်။

ရှမ်းပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲအတွင်း ထွက်ပြေးရသူပေါင်း ရ၀၀၀ ကျော်ထက်မနည်းရှိပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်။ သို့သော် လုံခြံုရေး အခက်အခဲကြောင့် ဒုက္ခသည်များထံ အကူအညီပေးမှုများ မရောက်နိုင်သေးဘဲ ရှိနေသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ရက်နေ့အတွင်းကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့အနီး တိုက်ပွဲဖြစ်ပွးခဲ့ပြီး တပ်မတော်က လေကြောင်း ပစ်ကူများ၊ အမြှောက်များဖြင့် ပစ်ခတ်ကာ နယ်မြေရှင်းလင်းခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

"တိုင်းရင်းသားပြည်နယ်တွေမှာ ပဋိပက္ခတွေ ကြီးထားနေတာကို လုံခြံုရေးကောင်စီက ဝင်ပါဖြေရှင်းဖို့ လိုပါတယ်။ ဒါပေမယ့် ဆယ်နှစ်နီးပါးကြာပါပြီ။ စစ်တပ်က ထိုးစစ်တွေ ဆင်နွှဲနေပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေဆဲပါ။ နောက်တက်မယ့် NLD အစိုးရရဲ့ ထိန်းချုပ်မှုက လွတ်နေမယ့် မြန်မာ စစ်တပ်အတွက် ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေနဲ့ နောက်အစိုးရ တက်တာကို စောင့်မနေစရာ မလိုပါ။ ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုပြီးလည်း မျှော်လင့်နေလို့ မရပါ။"ဟု ဘားမားကမ်ပိန်း ယူကေ၏ ဒါရိုက်တာဖြစ်သူ Mark Farmaner က ပြောသည်။

လုံခြံုရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်၊ နိုင်ငံတကာဥပဒေကို လေးစားရန်နှင့် ပဋိပက္ခများဒဏ် ရင်ဆိုင်နေရသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများထံ အကူအညီများ ရောက်ရှိနိုင်ရန် တရားဝင်စာထုတ်သင့်နေပြီဖြစ်ကြောင်း၊ လုံခြံုကောင်စီကို စစ်တပ်က မနာခံပါက စစ်တပ်၊ စစ်ဗိုလ်ချုပ်များနှင့် နှီးနွယ်သည့် စီးပွားရေးလုပ်ငန်များအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားသင့်ကြောင်း ဆိုသည်။

ထိုးစစ်များရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေကို လိုက်နာရန် စစ်တပ်ကို ဖိအားပေးနားချရာတွင် နိုင်ငံတကာခုံရုံး၏ အားကိုလည်း ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် သုံးသင့်ကြောင်းလည်း ၎င်းက ဆိုထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...