ဦးမြင့်လှိုင်ကို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း မလျော်သြဇာသုံးမဲဆွယ် ခြင်းနှင့် လာဘ်လာဘပေးကာ မဲဆွယ်မှုတို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးသန့်ဇင်ထွန်းက အမှုဖွင့်တိုင်ကြားခြင်း ဖြစ်သည်။
"မနေ့က ညပိုင်းမှာ ရဲကအမှုကိုလက်ခံပါမယ့်ဆိုပြီး ဖုန်းဆက်တယ်။ ဒီနေ့ ၁၈ရက် ၁၀နာရီလောက်မှာ အမှုသွားတင်တယ်။ နက်ဖြန် "ပ"နံပါတ်ရမယ်ပြောတယ်။ အရင် ၁၆ ရက်နေ့က ရဲမှာသွားတိုင်တော့ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူးဆိုပြီး အဲဒီတုန်းက ငြင်းလိုက်တာ။ ဒီနေ့မှတရားဝင်လက်ခံလိုက်တာ" ဟု ၎င်းက ဆိုသည်။
တိုင်ကြားခံရသူ ဦးမြင့်လှိုင်သည် မဲဆွယ်စည်းရုံးရေးရက်မဟုတ်သည့် နိုဝင်ဘာ ၄ရက်တွင် မဲဆန္ဒရှင် ၄၂၅ ဦးရှိသည့် သီရိမင်္ဂလာ ကျူးကျော်နေထိုင်သည်ဟု ယူဆရသော ရပ်ကွက်အတွင်း ၎င်းကို မဲပေးရေး ယင်းရပ်ကွက် ရပ်မိရပ်ဖများဖြင့်တွေ့ဆုံကာ မဲပေးပါက ရွာအမည်ပေါက်နှင့် လမ်း၊ မီးစသည်များ ရရှိရေး ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်ဟု ဦးသန့်ဇင်ထွန်းက စွပ်စွဲတိုင်ကြားထားသည်။
"ကျွန်တော့်ဆီမှာ အမှုနဲ့ပက်သက်တဲ့ ဗီဒီယိုဖိုင်တွေရှိတယ်၊ အထောက်အထားတွေလည်းရှိတယ်။ အဲဒီအမှုနဲ့ပက်သက်ပြီး ပုဒ်မတွေဘာတွေက၊ နက်ဖြန်၈နာရီမှာသိရမယ်လို့ ရဲစခန်းက ဒီနေ့ ပြောလိုက်တယ်။"ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။
ယင်းအပြင် မဲဆွယ်စည်းရုံးကာလမဟုတ်သည့် စက်တင်ဘာ ၂၁ရက်တွင်လည်း သက်ကြီးပူဇော်ပွဲဟု ဆိုကာ၊ ဘိုးဘွားများကို ရန်အောင်မြင်ရပ်ကွက်အတွင်း ခေါ်ယူပြီးတန်ဖိုးငါးသောင်းရှိ ပစ္စည်းများနှင့် အတူ၊ မဲဆွယ်သည့် လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သဖြင့် ဒက္ခိဏသီရိရဲစခန်းသို့ အမှုဖွင့် တိုင်ကြားသည်ဟုလည်း ဦးသန့်ဇင်ထွန်းက ပြောသည်။
"ကျွန်တော်တို့ကတော့ မတိုင်ထားဘူး။ ဒါပေမယ့်မဲရုံမှူးကတော့ ရဲကိုတိုင်ထားတယ်၊ မဲပေးတဲ့နေရာ၊ မဲဆန္ဒရှင်တွေမဲပေးမှုကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတဲ့အတွက်ဆိုပြီး တိုင်ထားတာ ကြားတယ်။"ဟု ဒက္ခိဏသီရိမြို့နယ်အတွင်း ပြိုင်ဖက်ပါတီနှစ်ခုမှ တရားစွဲတိုင်ကြားမှုများအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေအောင်နိုင်ရေးအဖွဲ့ဝင် ဦးခင်မောင်ဌေးက မဇ္ဈိမသို့ ဖြေကြားသည်။
ဦးသန့်ဇင်ထွန်းကိုလည်း မဲရုံမှူးကတိုင်ကြားသဖြင့် ဝတ္တရားနှောင့်ယှက်မှုအပြင်၊ မဲရုံအတွင်း မဲပေးသူများ စိတ်အနှောင့်အယှက်ဖြစ်စေမှု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၀ ဖြင့် အမှုဖွင့်ထားသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုး ပါတီမှ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နှင့် NLD မှ ဦးသန့်ဇင်ထွန်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးသန့်ဇင်ထွန်းက ထောက်ခံမဲ ၉၄၂၁မဲဖြင့်အနိုင်ရရှိခဲ့သည်။







