ရွေးကောက်ပွဲရှုံးသည့် ပါတီဝင်များ ပြည်သူ့ဆုံးဖြတ်ချက်ကို လက်ခံဖို့ ဦးဌေးဦးပြော

ရွေးကောက်ပွဲရှုံးသည့် ပါတီဝင်များ ပြည်သူ့ဆုံးဖြတ်ချက်ကို လက်ခံဖို့ ဦးဌေးဦးပြော
by -
မဇ္ဈိမ
နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်သွားသော ပါတီဝင်များအနေဖြင့် ပြည်သူ့ ဆုံးဖြတ်ချက်ကို နားလည်လက်ခံပြီး အနိုင်ရအမတ်များကို ကန့်ကွက်မှု မလုပ်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦးက ပြောဆိုလိုက်သည်။

“ရှုံးလို့ (ကန့်ကွက်လွှာ)ဘာတင်စရာ လိုလဲ။ ရှုံးတယ်ဆိုတာက လူထုရဲ့ ဆုံးဖြတ်ချက် ပြီးသွားပြီပဲ”ဟု ဦးဌေးဦးက နိုဝင်ဘာ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစခင် သတင်းထောက် အချို့ကို ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ အနိုင်ရ NLDအမတ်ဦးရေ ၁၀၀ခန့်ကို တရားစွဲကန့်ကွက်ရန် ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုအပေါ်ကိုလည်း ဦးဌေးဦးက ငြင်းဆန်ခဲ့သည်။

“ကျွန်တော် ပြောခဲ့တာပဲ၊ ကျွန်တော့ဘက်မှာတော့ ကျွန်တော်ရှုံးတယ်၊ ရှုံးနေတယ်။ ပြည်သူရဲ့ အဆုံးအဖြတ်ကို နာခံမယ်၊ ဒါပဲ ပြောခဲ့တာပဲ”ဟု ဦးဌေးဦးက ဆိုသည်။

ရွေးကောက်ပွဲရလာဒ်များအရ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဝါရင့်အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်သွားသည်။

ဦးဌေးဦးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်အများစုမှာလည်း အတိုက်အခံပါတီကို ရှုံးနိမ့်ခဲ့သည်။

“ရှုံးလို့ (ကန့်ကွက်လွှာ)တင်တယ်၊ ရှုံးလို့ မကျေနပ်လို့ တင်တယ်ဆိုတာ မဖြစ်ရဘူး။ သို့သော်လည်းပဲ လာမယ့် အထွေထွေရွေးကောက်ပွဲတွမှာ ဒီလိုကိစ္စမျိုးတွေကို ရှောင်ရှားနိုင်အောင်ဆိုတဲ့ ပြုပြင်လိုတဲ့ သဘောနဲ့ တင်တဲ့ဟာမျိုးတော့ ရှိကောင်း ရှိနိုင်တယ်” ဟု ဦးဌေးဦးက ဆိုသည်။

သို့သော် ၎င်းကိုယ်တိုင်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော ဟင်္သတမြို့နယ်တွင် အနိုင်ရသွားသည့် အမတ်ကို ကန့်ကွက်ရန် အစီအစဉ် မရှိသေးဟု ဦးဌေးဦးက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ အနိုင်ရအမတ်သည် တရားမဲ့ပြုကျင့်ကာ ရွေးကောက်ပွဲတွင် အနိုင်ယူခဲ့သည်ဟု သက်သေအထောက်အထားများရှိပါက ရွေးကောက်ပွဲရလဒ် ကြေညာပြီး ၄၅ရက်အတွင်း ကန့်ကွက်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရလဒ်များကို ရွေးကောက်ပွဲ ကျင်းပအပြီး နောက်တစ်ရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ကြေညာခဲ့ခြင်းဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...