"လူဦးရေအရခန့်မှန်းရင် တစ်သောင်းလောက်ရှိမယ်။ ဘာဖြစ်လို့လည်းဆိုရင် မိုင်းရှူးကနေ မိုင်းနောင်ကြားက ရွာတွေ၊ ကျေးသီက တချို့ရွာတွေကော ပြေးနေရတာကို၊ တစ်သောင်းလောက်တော့ ရွှေ့ပြောင်းဒုက္ခသည်တွေ ရှိမယ်။"ဟု ၎င်းက ဆိုသည်။
အစိုးရ တပ်နှင့် SSPP/SSA တပ်တို့အကြား ရှမ်းပြည်တောင်ပိုင်းဒေသများတွင် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများဖြစ်ပေါ်နေသည်။
အစိုးရတပ်နှင့် SSPP/SSA တပ်တို့က SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းဒေသအနီး ၆မိုင်မှ ရမိုင်အကွာ တွင် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ SSPP/SSAအနေဖြင့် ဌာနချုပ်လုံခြံုရေးကို အတင်းအကြပ် မြှင့်တင်ထားရသည်ဟုလည်း စိုင်းဖုန်းဟန်က ပြောသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိနေသော်လည်း အရေအတွက် အတိအကျကိုမူ စုံစမ်းသိရှိနိုင်ခြင်း မရှိပေ။ ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများကြောင့် ရွှေ့ပြောင်းထွက်ပြေးရသည့် ဒုက္ခသည်အရေအတွက် အတိအကျကို သိရှိနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။ ယင်းအတွင်းရေးမှူးရုံးသို့ ဆက်သွယ်ရာတွင် လည်း ဖုန်းကိုင်သူက အစည်းအဝေးတက်နေသဖြင့် နောက်ပိုင်းမှသာ ပြန်လည်ဆက်သွယ်ရန် မဇ္ဈိမသို့ ဖြေကြားသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသည့် မိုင်းရှူးနှင့် ဟိုင်းပါးရွာနှစ်ခုမှပင် ထွက်ပြေး တိမ်းရှောင်ရသူ ၂၅၀၀ကျော်ထိရှိနေပြီး၊ တစ်ခြားမိုင်းနောင်၊ လယ်ချား၊ ကျေးသီး၊ ဝမ်ဆော့၊ ဝမ်ဟိုင်းဒေသ၊ မိုင်ဟူး၊ မိုင်းမော စသည့်အရပ်များမှလည်း ရွှေ့ပြောင်းထွက်ပြေးနေရသူများလည်း ရှိနေသည်ဟု မိုင်းရှူးမှ ထွက်ပြေးတိမ်းရှောင်နေသူများကို ကူညီပေးနေသည့် နန့်ဆိုင်ဟိန်းက မဇ္ဈိမသို့ ပြောသည်။
"မိုင်းရှူးမြို့ပေါ်တစ်ခုတည်းတင် ၁၀၀၀ ကျော်တယ်။ မိုင်းရှူးမှာရှိတဲ့ ရွာတွေကနေ ထွက်ပြေးနေရတဲ့ သူတွေ အများကြီးရှိတယ်။ သူတို့စားသောက်ရေးကို လာလှူတဲ့ သူတွေဆီ ကနေပဲ ဖြေရှင်းနေရတာ။ ရိက္ခာကတော့ အခုမိုင်းရှူးရပ်ကွက်တွေမှာ ခိုလုံသူ တွေအတွက် နောက်တစ်ပတ်စာရှိတယ်။ ဒီနေရာမှာ တိုက်ပွဲတွေပြင်းထန်လို့ လာလှူတာတွေလည်း သိပ်မရှိတော့ဘူး"ဟု ၎င်းက ဆိုသည်။
အစိုးရတပ်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများတွင် အစိုးရတပ်က နိုဝင်ဘာ ၁၇ရက်နေ့တွင် လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို ဟိုင်းပါးရွာမှမျက်မြင်တွေ့မြင်ရပြီး၊ မိုင်းရှူးမြို့ပေါ်က ဆိုပါက လေယာဉ်သံများ၊ ပေါက်ကွဲသံများကိုကြားနေရသည်ဟု နန့်ဆိုင်ဟိန်းက ပြောသည်။
နိုဝင်ဘာ ၁၇ရက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုလည်း SSPP/SSA ပြောခွင့်ရအဖွဲ့ဝင် စိုင်းဖုန်းဟန်က "ဒီနေ့မနက် ၆နာရီ နဲ့ ရနာရီကြား ၀မ်ဆော့မှာ ခမရ ၅၁၄၊ ၅၁၃အဲဒီ တပ်ရင် ၁၀ ရင်းလောက် ပေါင်း ထားတဲ့ တပ်နဲ့ ကျွန်တော်တို့တိုက်ပွဲဖြစ်သေးတယ်။ အခုဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်လုံးက ကျတာရှိပေမယ့်။ အရေအတွက်ကိုအတည်မပြုနိုင်သေးဘူး။ မနေ့ကတော့ တိုက်ပွဲပြင်းတယ် အစိုးရတပ်က တိုက်လေယာဉ် ၂စီးနဲ့ ရဟတ်ယာဉ် ၆စီး သုံးပြီးတော့ကို ၁၂နာရီကနေ နေ့လည် ၂နာရီအထိ တိုက်တယ်။"ဟု ဆိုသည်။
အောက်တိုဘာ ၆ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသည့်တိုက်ပွဲများအတွင်းလည်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုကို ၅ကြိမ်အထိအသုံးပြုတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၇ရက်နေ့ တိုက်ခိုက်မှု သည် လေယာဉ်အစီးရေ အများဆုံးအသုံးပြုတိုက်ခိုက် သည့် တိုက်ပွဲလည်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တိုက်ပွဲများဖြစ်ပွားသည့် သတင်းများနှင့် ပက်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဒု-ဗိုလ်မှူးကြီးတစ်ဦးကို ဆက်သွယ်ရာတွင် ဖုန်းဝင်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။ ထို့အတူ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်သော်လည်း ၎င်းနှင့် ဆက်စပ်သည့် တာဝန်ယူထားခြင်းမရှိသဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း မဇ္ဈိမသို့ အသိပေးသည်။







