''အခုထိ အရေးမယူပါဘူး။ ဒီပုံစံနဲ့ ကျွန်တော်တို့ နိုင်ငံရေးဆက်လုပ်ရမှာ တော်တော်ဝမ်းနည်းပါတယ်။ သမ္မတကြီးကို တိုင်ကြားပါတယ် အရေးယူပေးပါ။''ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံပွဲတွင် ဦးဇိုဇမ်က ပြောကြားသည်။
အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ကို ပူးတွဲဖွင့်ထားသည့် ရုံးခန်းတွင် ဖောက်ခွဲခံရခြင်းဖြစ်သည်။
''ဒီနေ့ သမ္မတကြီးကို ထပ်တိုင်ကြားလိုက်တာပဲ သမ္မတကြီးကို တိုင်ကြားပြီးပြီဆိုတော့ သူ့တာဝန် ဖြစ်သွားပြီ။ ဒီလို အကြမ်းဖက်လုပ်ငန်းကြံုရတာ နိုင်ငံရေး (၉၂) ပါတီ ထဲမှာ ကျွန်တော့်ပါတီတစ်ခု တည်းပါ။ ကျွန်တော်ဒီလိုခံစားရတာ သမ္မတကြီးကို အသိပေးလိုက်တာ''ဟု ဦးဇိုဇမ်က မဇ္ဈိမသို့ ပြောသည်။
သမ္မတဦးသိန်းစိန်က အဖြေအတိအကျ မပေးသော်လည်း နိုင်ငံရေးပါတီများ၏သဘောထားအမြင်များ၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စများမှ တချို့အချက်များမှာ လက်ရှိအစိုးရလက်ထက်တွင် ဆောင်ရွက် ပေးနိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။







