အသက်အန္တရာယ်ကြောင့် NLD အမတ်လောင်းများ ချီဖွေဒေသ မဲရုံအားလုံး မစောင့်ကြည့်နိုင်

အသက်အန္တရာယ်ကြောင့် NLD အမတ်လောင်းများ ချီဖွေဒေသ မဲရုံအားလုံး မစောင့်ကြည့်နိုင်
by -
မဇ္ဈိမ
ကချင်ပြည်နယ်၊ ချီဖွေဒေသ၌ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အမတ်လောင်းများမှာ မဲရုံအားလုံးမစောင့်ကြည့်နိုင်ဘဲ မြို့ပေါ်ရှိ မဲရုံ (၇) ရုံသာ စောင့်ကြည့်နိုင်မည်ဟု ချီဖွေမြို့သို့ရောက်ရှိနေသော NLD ပါတီဝင်များက ပြောကြားသည်။

“ဒေသခံတွေကိုခြိမ်းခြောက်ထားတာတွေရှိတော့ တော်ရုံတန်ရုံ မသွားရဲသေးဘူး။ အသက်အန္တရာယ်ရှိတယ်။ ချီဖွေမှာမဲရုံ ၄၅ ရုံရှိတယ် ကျွန်တော်တို့ကြည့်နိုင်တာ မြို့ပေါ်က (၇) ရုံဘဲကြည့်နိုင်မယ်။

ကျန်တာသူတို့လွှမ်းမိုးထားတဲ့နယ်မြေတွေဖြစ်နေတယ်။'' ဟု ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးကျော်ကျော်ဦးက မဇ္စျိမသို့ပြော သည်။

စက်တင်ဘာ ၂၂ ရက်နေ့က ချီဖွေတစ်မြို့နယ်လုံး၊ ဆော့လော် တစ်မြို့နယ်လုံးနှင့် ၀ိုင်းမော်မြို့နယ်မှ ကန်ပိုက်တီ၊ ဆဒုံး၊ ဆဝမ်၊ မန်တောင်၊ မန်ဝိန်း၊ ရှငေါ်ဒေသများ၌ NLD ပါတီ ကိုယ်စားလှယ်လောင်း များအား မဲဆွယ်ဟောပြောမှုများမလုပ်ရန် ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်ခဲ့ပြီး၊ အောက်တိုဘာ ၁၃ ရက်နေ့က NLD ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ပါတီဝင် ၄ ဦး တို့အား တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာတွင် လက်နက်ကိုင် လူတစ်စုက ရိုက်နှက်ကာ ပစ္စည်းများ ဖျက်ဆီးခံခဲ့ရသည်။

''လောလောဆယ်တော့ အတားအဆီးမရှိသေးဘူးဆိုပေမယ့် စာမျိုးစုံထုတ်ထားတယ်။  NLD မကောင်းကြောင်းရေးထားတဲ့စာတွေ၊ ကြံ့ခိုင်ရေးနဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) တွေကိုဘဲ မဲပေးဖို့စာတွေ ဝေထားတာရှိတယ်။ အဲ့ဒါ NDA/K ကထုတ်ထား တာ။ ကျွန်တော်တို့လက်ထဲမှာရှိပြီးသိမ်းထားပါတယ်။'' ဟု ဦးကျော်ကျော်ဦးကပြောပြသည်။

မြစ်ကြီးနားမြို့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးရုံးမှ NLD ကိုယ်စားလှယ်လောင်း ၃ဦးနှင့် ပါတီဝင် ၃ ဦးတို့ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ကားဖြင့် ချီဖွေသို့ထွက်ခွာ သွားပြီး ယနေ့ထိ ထူးထူးခြားခြား သတင်းမဝင်သေးကြောင်းပြောသည်။

NLD ပါတီကိုယ်စားပြု၍ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မဲဆန္ဒနယ်အမှတ် (၅)အမျိုးသားလွှတ်တော် ဦးကျော်ကျော်ဦး၊ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော် ဦးမင်းနိုင်၊ ပြည်နယ်လွှတ်တော် ဦးဒေါင်ဟောင်းတို့ ယှဉ်ပြိုင်မည်ဟု အောင်နိုင်ရေးရုံးမှသိရသည်။

ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းသည် ယခုရွေးကောက်ပွဲတွင်လည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၅ မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်မည်ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...