“ကျွန်မတို့အနေနဲ့ အခုလောလောဆယ် မှာတော့ ၉၀ ရခိုင်နှုန်းလောက် ပြီးနေပါပြီ။ ညနေပိုင်းကျရင်တော့ အကုန်လုံးပြီးစီးသွားမှာပါ။ ဒီလိုပြီးစီးနိုင်အောင်လို့ မနေ့ကနေစပြီးတော့ စီစဉ်ပြီးတော့ အခန်းတွေရှင်း၊ လိုအပ်တာတွေလုပ်၊ ဒီနေ့ကျတော့ နေရာတကျနဲ့ အကုန်လုံးစီစဉ်ထားပါတယ် ”ဟု စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်မှ မဲရုံမှူး ဒေါ်ကြည်ကြည်အောင်က ရွေးကောက်ပွဲ သတင်းခန်း သို့ပြောသည်။
အဆိုပါမဲရုံ၌ မဲထည့်မည့်သူများ ၁၈၀၀ ထိရှိပြီး၊ နာမကျန်းဖြစ်၍ ကြိုတင်မဲ ပေးရမည့်သူ ၁၀ ကျော်ခန့်ရှိရာ ကြိုတင်မဲပေးနိုင်ရန် အိမ်တိုင်ရာရောက် စီစဉ်လျက်ရှိသည်ဟု သိရသည်။
အဆိုပါမဲရုံ၌ မဲရုံမှူးအပါအဝင် မဲရုံဝန်ထမ်း ၁၁ ဦးက ဆောင်ရွက်သွားမည်ဟု သိရသည်။
စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်ရှိ မဲရုံတွင်လည်း ပြီးစီးလုနီးပါး ရှိနေပြီဟု မဲရုံမှူး ဦးအောင်လှစံက ပြောသည်။






