သွေးချောင်းစီးနေသော ဟိုင်းပါရေတံခွန်ရှင်းတမ်း (၁) (ဆောင်းပါး)

သွေးချောင်းစီးနေသော ဟိုင်းပါရေတံခွန်ရှင်းတမ်း (၁) (ဆောင်းပါး)
by -
သျှမ်းသံတော်ဆင့်
ဟိုင်းပါရေတံခွန်သည် သျှမ်းပြည်နယ်၊ မိုင်းရှူးမြို့အနောက်တောင်ဖက် (၁၀) မိုင်ကျော်ကျော် အကွာတွင် တည်ရှိပြီး သဘာဝအတိုင်း အလွန်လှပသည့် ရေတံခွန်ဖြစ်ကြောင်း ရောက်ဖူးသူတိုင်း သိရှိကြပါသည်။ သစ်တော မျိုးစုံဖြင့် တည်ငြိမ်အေးချမ်းလှပစွာ စီးဆင်းနေသော ရေတံခွန်သည် အခုတော့ ယမ်းနံ့၊ လက်နက်ကြီးသံတွေ၊ သွေးချောင်းစီးပြီး မွေနှောက်စွာ စီးဆင်းနေလေပြီ။ ဒီအဖြစ်အပျက်သည် ဟိုင်းပါဒေသခံတွေက အသိဆုံးဖြစ်သည်။

သဘာဝအတိုင်းစီးဆင်းလှပနေသော ဟိုင်းပါရေတံခွန်ရှိရာဒေသတွင် (၆.၁၀.၂၀၁၅) ရက်နေ့ကစပြီး (၆.၁၁.၂၀၁၅) ရက်နေ့အထိ ဗမာ့တပ်မတော်ဖက်မှ တပ်ရင်းပေါင်း (၁၃)ရင်း စကခမှူး (၂)ဦး၊ ဗျူဟာမှူး (၂) ဦး ဦးစီးကွပ်ကဲကာစစ်အင်အား (၁၄ဝဝ)ကျော်ဖြင့် ကစထ(၂)မှူး ဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင်ဦးစီးကာ သျှမ်းပြည်တပ်မတော် SSPP/SSA ကို လက်နက်ကြီးဖြင့် မီးကုန်ယမ်းကုန်သုံး ထိုးစစ်ဆင်တိုက်ပွဲဆင်နွဲခဲ့သည်မှာ တစ်လတိတိပြည့်သွားပါပြီ။ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ အိုးအိမ်လယ်ယာကျွဲနွားများ စွန့်ပစ်ပြီး စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ဒီနေရာဒီဒေသသည် တောင်သူလယ်သမားများ အေးအေးချမ်းချမ်းဖြင့် လယ်ယာလုပ်ကိုင်စားသောက် နေသည့် နေရာဒေသဖြစ်ပါသည်။ ဘာကြောင့် သွေးချောင်းစီးနေရသနည်းဟု မေးစရာရှိပါသည်။

(၁၉.၁၀.၂၀၁၅) ရက်နေ့ တပ်မတော်ပိုင် မြဝတီသတင်းစာ ထုတ်ပြန်ချက်အရ အက်စ်အက်စ်အေ ဝမ်ဟိုင်းအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၂၈)ရက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း ဝမ်ဟိုင်းဌာနချုပ်တွင်သာ နေထိုင်ရန် သတ်မှတ်ချက်အတိုင်းမလုပ်ဘဲ ဌာနချုပ်နှင့် (၁၀) မိုင်ကျော်သို့ နယ်မြေကျော် အခိုင်အမာစခန်း ဆောက်လုပ်နေ၍ တပ်မတော် အနေဖြင့် နယ်မြေရှင်းလင်းရင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အတွင်း အောက်တိုဘာ (၁၆)ရက်နှင့် (၁၈) ရက်နေ့များတွင် မိုင်းနောင်အနီး ဝိန်းကောဝ် တပ်မတော် တပ်ရင်းဌာနချုပ်သို့ လာရောက်ပစ်ခတ်နှောင့်ယှက်မှုကြောင့် ဌာနချုပ်ရှိစစ်သည်နှင့် အိမ်ထောင်သည် ရဲမေများ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်အနေဖြင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုး အိမ်စည်းစိမ်များကို မထိခိုက်စေရေး၊ နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြောင်းပြကာ လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ပါရှိပါသည်။
တပ်မတော်သတင်းစာထုတ်ပြန်ချက်နှင့် ဆန့်ကျင်စွာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် ဗဟိုဌာနချုပ်၏ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်နေ့ကလည်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် - သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA သည် သျှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းစန်မြို့နယ်၊ ကာလိမြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်၊ ပင်လုံမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်မြို့နယ်၊ မိုင်းရယ်မြို့နယ်၊ လားရှိုး မြို့နယ်၊ သိန္နီမြို့နယ်၊ ကွတ်ခိုင် မြို့နယ်၊ ပန်ဆိုင်းမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုးကုတ် မြို့နယ်၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင် မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန် မြို့နယ်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့နယ်နှင့် နမ္မတူမြို့နယ် စသည့်မြို့နယ် အသီးသီးတို့တွင် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် သွားနိုင်ရေး တို့အတွက် နှစ်ပေါင်း ဆယ်ချီ လှုပ်ရှားတိုက်ပွဲဝင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၂၈)ရက်နေ့တွင် နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက် Bilateral Agreement အပိုဒ် (ခ) တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် တပ်ဖွဲ့များကို ဝမ်ဟိုင်းတွင်အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာများတွင် ယာယီအခြေပြု နေထိုင်ရန် သဘောတူသည်ဟု ပါရှိပါသည်။ ဝမ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သဘော တူညီချက် လုံးဝ မပါရှိကြောင်း၊ ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘော တူညီချက် Bilateral Agreement လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့များမှ တပ်မတော်တပ်ရင်း တပ်ဖွဲ့များအား စတင်တိုက်ခိုက်ခြင်းမပြုရန် ဗဟိုကော်မတီက အမိန့်ထုတ်ပြန် တားမြစ်ခဲ့ပြီး တပ်မှူးတပ်သားများအားလုံးလိုက်နာကြရန်လည်း အထူးကြပ်မတ်ခဲ့ပါသည်။

SSPP/SSA တပ်ဖွဲ့များမှ တပ်မတော်အား စတင်ပစ်ခတ် တိုက်ခိုက်မှု တစ်ကြိမ်မှမရှိဘဲ တပ်မတော် ဘက်ကသာ မိမိ SSPP/SSA တပ်ဖွဲ့များအား လိုက်လံတိုက်ခိုက်ခဲ့သည်မှာ အကြိမ်ပေါင်း (၅ဝဝ) ကျော်ရှိခဲ့ပါသည်။ ထို့ကြောင့် ကျေးသီးမြို့နယ် မိုင်းနောင်အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော် တပ်ရင်းဌာနချုပ်သို့ ဝင်ရောက်နှောင့်ယှက် ပစ်ခတ်မှုသည် မိမိ SSPP/SSA တပ်ဖွဲ့နှင့် မသက်ဆိုင် ကြောင်း ပြန်လည်ရှင်းလင်းအပ်ပါသည်။

အက်စ်အက်စ်အေ အနေဖြင့် အမှန်တကယ်ပဲ နယ်မြေကျူးကျော် တပ်စခန်းအခိုင်အမာ ဆောက်နေခြင်းလော။

အက်စ်အက်စ်အေ သည် ၁၉၆၄ခုနှစ် အေပီလ (၂၄) ရက်နေ့၌ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော၊ အထိန်းသိမ်းခံရသော သမ္မတကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်း ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် သျှမ်းတော်လှန်ရေး အဖွဲ့များဖြစ်ကြသော နွံဆစ်ဟန်အဖွဲ့၊ သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA) အဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့ကို စုစည်းကာ သျှမ်းပြည် တပ်မတော်(SSA)အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၆၄ မှ ၂၀၁၅ ခုနှစ် အထိ နှစ်ပေါင်း (၅၀) ကျော်ပြီး ထိုင်းမြန်မာနယ်စပ်မှ တရုတ်မြန်မာနယ်စပ်အထိ ဖြန့်ကျက်လှုပ်ရှားနေထိုင်ခဲ့ကြောင်း ဦးနေဝင်းက အစ၊ ဦးသန်းရွှေ အလယ်၊ ဦးသိန်းစိန်အဆုံး သိရှိကြပါသည်။ အထောက်အထားများ လည်း ရှိပါသည်။

နယ်မြေကျူးကျော်အကြောင်းပြ၍ တိုက်ပွဲဖြစ်ရမည်ဆိုလျှင် တိုက်ပွဲက ဘာကြောင့် သျှမ်းပြည်နယ်ထဲ လာဖြစ်ရသနည်းဟု ဒေသခံများက စောဒကတက်ကြသည်။ ဤသို့ဆိုလျှင် SSPP/SSA က နယ်မြေ ကျူးကျော်ဟု စွပ်စွဲကာ ထိုးစစ်ဆင်ခြင်းသည် လုံလောက်သော အကြောင်းပြချက် မဟုတ်ကြောင်း သိသာထင်ရှားလှပါသည်။

အနီးစပ်ဆုံး သာဓက ပြရပါက နမ့်လန်ပြည်သူ့စစ်အဖွဲ့ဟု အဓမ္မအသွင်ပြောင်းခံရသည့် ကာလိ တပ်မဟာ(၇)သည် SSPP/SSA တပ်ဖွဲ့ဟောင်းများဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ထို့ကြောင့် SSPP/SSA တပ်များအချင်းချင်း နယ်မြေချင်းဆက်စပ်တည် ရှိနေမှုသည် နယ်မြေကျူးကျော်သည် ဆိုသည်မှာ အဓိပ္ပါယ်မဲ့ပါသည်။ ၁၉၉၂-၉၃ ခုနှစ်တွင် ခွန်ဆာဦးဆောင်သော (MTA) ဟိုင်းပါကွင် အတွင်းသို့ ထိုးစစ်ဆင်လာသည့်အချိန်တွင် သျှမ်းပြည်တပ်မတော် တပ်မှူးများနှင့် ဗမာ့တပ်မတော် တပ်မှူးများနှင့် အတူတကွ ပူးတွဲလှုပ်ရှားလာခဲ့ဖူးသည်ကိုလည်း ဗမာ့တပ်မတော်တပ်မှူးများ သတိပြုမိ ကြပေလိမ့်မည်။ ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဝန်ကြီး ဦးခင်မောင်စိုးသည်လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်ဥက္ကဌ စဝ်ပန်ဖနှင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့်ဒေသအတွင်း အတူအိပ်အတူ စားခဲ့ကြရပြီး အလွန်ခင်မင်ရင်းနှီးကြ ကြောင်း သိရှိရပါသည်။ ဤသို့ဆိုလျှင် SSA သည် နယ်မြေကျော်လွန်သည်ဟု ပြောကြပါဦးမည်လား။

သျှမ်းပြည်တပ်မတော်က တပ်မတော်စခန်းကို တကယ်ပဲ သွားတိုက်နေသလား။ မဟုတ်မှန်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်ဗဟိုဌာနချုပ်အနေဖြင့် ထုတ်ပြန်ခဲ့ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုလျှင် ထောင်ချီသော တပ်မတော်ထိုးစစ်ကိုလည်း ခုခံရ၊ ဌာနချုပ်ကိုလည်း လုံခြုံရေးဆောင်ရွက်နေသည့် SSA အနေဖြင့် လုံလောက်သော အင်အား ရှိနိုင်မည်လားဟု တွေးကြည့်လျှင် မြင်နိုင်ပါသည်။ SSA က တပ်စခန်းကို သွားတိုက်ခိုက်သည့်သတင်း တစ်ခါမှ မကြားဖူးပါဘူး။ SSPP/SSA ဝမ်ဟိုင်းဌာနချုပ်ကို တပ်မတော်စခန်းက လက်နက်ကြီးဖြင့် ပစ်ချသည့် သတင်းကိုတော့ နားမဆန့်အောင် ကြားနေရပါသည်။ အရပ်သားများ၏ အိုးအိမ် ထိမှန်သည့် ဓါတ်ပုံတွေလည်း ဖြန့်ကျက်နေပါသည်။
 
တစ်ချိန်တည်းတွင် SSA သည် တပ်စခန်းအခိုင်အမာဆောက်နေသလော။ ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်ကြောင်း အောက်ကပုံကို ကြည့်လျှင် သိရှိနိုင်ပါသည်။ တပ်မတော်သားမြောက်များစွာ အသုံးချပြီး တပ်မတော်က သိမ်းထားသည့် သျှမ်းပြည်တပ်မတော်စခန်းပါ။ ဒီပုံကို ကြည့်ပြီး အခိုင်အမာစခန်းဟု ပြောရဲသည့်လူရှိလျှင်လည်း ထားပါစေတော့လေ။

ဟိုင်းပါဒေသသည် မဟာဗျူဟာမြောက် အချက်အခြာကျသော နေရာလည်း မဟုတ်ပါ၊ တောတောင် ဂျောင် ပိတ်သော Land Lock နေရာလေးပါ ။ ဒါမှမဟုတ်လျှင် တပ်မတော်ပိုင် မြဝတီသတင်းထုတ်ပြန် ထားသလို ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်မှ အသက်ပေးကာကွယ်နေ ခြင်းလား။ မဟုတ်တန်ပါ။ အဘယ်ကြောင့်ဆိုသော် တပ်မတော်မှ လက်နက်ကြီးရာချီသုံးပြီး ပစ်ချင် သလိုပစ်၊ ကျချင်သလိုကျ No Man Land ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံတွေက အိုးအိမ် လယ်ယာကျွဲနွားများစွန့်ပစ်ကာ ရွာလုံးကျွတ် စစ်ဘေးဒုက္ခသည်အဖြစ် သုံးလေးထောင်ကျော်ရှိနေပါပြီ။ လူသူမဲ့ရွာတွေထဲမှာ ဘာတွေဖြစ်နေသလဲ ဘယ်သူခန့်မှန်းနိုင်မလဲ။ ပွင့်လင်းရာသီမှာ ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံကို မရိတ်သိမ်းလိုက်ရဘဲ ဒေသခံထောင်ချီတွေအတွက် စားနပ်ရိက္ခာတစ်နှစ်စာ ဆုံးရှုံးရသည်။

ဒီလူတွေအတွက် ဘယ်သူက တာဝန်ရှိလဲ။ ဘယ်သူက တာဝန်ယူပေးမည်လဲ။ မရှိပါ။ မြန်မာနိုင်ငံသား မဟုတ်သည့်အတိုင်း လျစ်လျူရှုခြင်းခံနေရတာပါ။ တပ်မတော်တပ်စခန်းသို့ ပစ်ခတ်မှုကို ရေးကြီးခွင့် ကျယ် အကြောင်းပြပြီး ဒေသခံရွာသားတွေကိုတော့ အကာအကွယ်မဲ့ စော်ကားချင်သလို စော်ကားနေ ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်မဟုတ်ဘူးလား၊ လူသားချင်းစာနာသည့် စိတ်ကောရှိရဲ့လားဟုတောင် မေးခွန်းထုတ်ချင်ပါသည်။ ထောင်ချီသော စစ်ဘေးဒုက္ခသည်တွေကို ဘယ်အစိုးရနှင့် ဗမာလူမျိုး အများစုက လျစ်လျူရှုနေကြပါသည်။

တခြားအရပ်ဒေသတွေမှာ အပြုံးကိုယ်စီနဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေချိန်မှာ ဟိုင်းပါဒေသခံတွေ ကတော့ ရွာမဲ့အိမ်မဲ့ခိုကိုးရာမဲ့ပြီး ဆင်းရဲဒုက္ခကို ကောင်းကောင်းကြီး ငုံ့ခံနေရပါတယ်။ မဲပေးခွင့် မရှိ တော့ပါဘူး။ အကာအကွယ်မဲ့ စွာနဲ့ ခွဲခြားဆက်ဆံနေရပါ တယ်။ ရွေးကောက်ပွဲနဲ့ အချိန်ကိုက် ထိုးစစ်ဆင်မှုကို အကြောင်းပြပြီး ကြိုတင်ဇာတ်တိုက် ထားသည့်အလား သျှမ်းနိုင်ငံရေးပါတီကြီး တစ်ခုက ထိုးစစ်ဆင်မှုရပ်ဆိုင်းရန် တောင်းဆိုမည့်အစား ရွေးကောက်ပွဲ ရပ်ဆိုင်းရန်သာ ရွေးကောက်ပွဲကော်မရှင်ထံ ဒေသခံကိုယ် စားတောင်းဆိုခဲ့သည်။ စစ်ပွဲမဖြစ်သော တခြားဒေသတွေ ကိုပါ အဆစ်တောင်းဆိုလိုက်သေးသည်။ ယုတ်မာတဲ့ စိတ်ဓါတ်ကို ချီးကျူးမိပါသည်။ ကိုယ့်သျှမ်း ပြည်သူလူထုကို တခြားသောသူများ စော်ကားချင်သလိုစော်ကားနိုင်အောင် လုပ်နေသည့် လုပ်ရပ်မျိုး မဟုတ်ပါလား။ ရွေးကောက်ပွဲ မလုပ်လေ စစ်တပ်ကြိုက်လေ၊ ဒေသခံတွေ စော်ကားခံရဖို့ ကောင်းလေလေ မဟုတ်ပါလား။ ဒီဒဏ်တွေကို ခါးစည်းခံရသည့် သျှမ်းပြည်သူလူထုက တော်တော်နဲ့ မေ့နိုင်မှာ မဟုတ်ပါဘူး။

လက်ရှိ ဖြစ်ပွါးနေသည့် ထိုးစစ်တိုက်ပွဲရပ်ဆိုင်းရန် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယဥက္ကဌ ဦးအောင်မင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်မောင်စိုးထံ အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း မည်သို့မျှ မတုန့်ပြန်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် ပြန်ကြားရေးအသိုင်းဝိုင်းထံမှ သိရှိရသည်။ မတရားသောထိုးစစ် ဆင်တိုက်ခိုက်မှုကို ခုခံ နေရသော သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်၏ သဘောထားကြီးမှုကို ရိုသေ လေးစားသော်လည်း တစ်ဖက်သတ် အင်အားသုံးအနိုင်ကျင့်မှုကိုတော့ သျှမ်းပြည်သူလူထုနှင့် သျှမ်းစစ်သားများကိုယ်စား ရင်နာမိသည်။

စစ်တပ်အချင်းချင်းတိုက်ပွဲဖြစ်သည်မှာ ထူးဆန်းမှုမဟုတ်ပေမယ့် အရပ်သားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရမည့်အစား ပဓါနပင် မထားဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် ထိုးစစ်ဆင်မှု မျိုးကတော့ ထူးဆန်းသည်ဟုပဲ ဆိုရပေမည်။ ထို့အတူ သျှမ်းပြည်တိုင်းရင်းသား တပ်အချင်းချင်းများ ဖြစ်ကြသော သျှမ်းပြည်သား ပြည်သူ့စစ်အဖွဲ့များ (အဖွဲ့အစည်းနာမည်များကို တမင်တကာ မဖော်ပြ လို၍ ချန်ထားခဲ့သည်။)ကို ရှေ့တန်းသို့ အတင်းထိုးစစ်ဆင်နေခြင်းမှာ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်သည့် နည်းလမ်းဟောင်းကို ကျင့်သုံးနေခြင်း သည်လည်း တိုင်းရင်းသားအချင်းချင်း သွေးခွဲလိုသည့် လုပ်ရပ်ဟု စာရေးသူအနေဖြင့် ရှုမြင်ပါသည်။

ထို့အပြင် အကြောင်းမရှိအကြောင်းရှာကာ မိုင်းနောင်စကခ(၂) ဌာနချုပ်၊ ဝိန်းကောင်စခန်း စသည့် နေရာများတွင်လည်း တိုက်ပွဲအတု အကြိမ်ကြိမ်ဆင်နွဲကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ညလုံး ပေါက်ပရမ်းပတာ ပစ်ခတ်မှုကြောင့် အရပ်သားများ၏ အသက်အိုးအိမ်ပျက်စီးခဲ့ရပြီး၊ ညစဉ်ညတိုင်း ဂယောင်ခြောက်ခြား တထိတ်တလန့် ဖြစ်နေကြရသည်။ အကယ်၍ တိုက်ပွဲအတု လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ရေးလေ့ကျင့်မှုသာ ဖြစ်မည်ဆိုလျှင် သျှမ်းပြည် အလယ်ပိုင်းသည် စစ်မီးတဟုန်းဟုန်း ထပ်မံဆက်လက်တောက်လောင်ဦးမည်ဖြစ်ပြီး အပြစ်မဲ့သျှမ်း ပြည်သူလူထုများ ထပ်မံဒုက္ခရောက်ဦးမည်ကိုလည်း မြေကြီး လက်ခတ်မလွှဲဖြစ်နိုင်ပေသည်။

ဗမာစစ်တပ်ခေါင်းဆောင်ကြီးများအနေဖြင့် အင်အားသုံးဖြေရှင်းခြင်းသည် အောင်မြင်နိုင်မည်ဟု ယုံကြည်သည့်စိတ် ကိန်းအောင်းနေသည့်သဘောရှိပါသည်။ သို့သော် မိုးနဲ့မြေလို ပြောင်းပြန် အခြေအနေအဖြစ်သို့လည်း ဖြစ်သွားနိုင်ပါသည်။ သျှမ်းပြည်သားများလည်း မတရားမှုကို မျက်စိမှိတ် မထားကြောင်း သတိချပ်သင့်ပါသည်။ စစ်ရေးနည်းဖြင့် တစ်ကုန်းပြီး တစ်ကုန်း သိမ်းနိုင်ပါသည်။ သို့သော် အဖိနှိပ်ခံပြည်သူလူထုတွေရဲ့ အမုန်းတရားအာဃာတ၊ ရွံရှာမုန်းတီးမှုက နှစ်လကြာရှည်ကြာ စစ်တပ်အပေါ်မှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း၊ ထိုးစစ်ဆင်ခြင်း၏ ရည်ရွယ်ချက်သည်လည်း စစ်ပွဲပြီးလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားတွေ့မြင်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။

ဆောင်းပါးရှင်- စိုင်းပြည့်မာန် (ရတနာမြေမှ ရှေ့တန်းတပ်မှူး)

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...