စွပ်စွဲရေးသားသည့် မီဒီယာများ ဥပဒေ၏ အဆုံးအဖြတ် ခံယူရမည်ဟု မဘသ ပြော

စွပ်စွဲရေးသားသည့် မီဒီယာများ ဥပဒေ၏ အဆုံးအဖြတ် ခံယူရမည်ဟု မဘသ ပြော
by -
မဇ္ဈိမ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ကြီးအပေါ် ထင်ယောင်ထင်မှား ဖြစ်စေမည့် အခြေအမြစ်ခိုင်မာမှုမရှိသော သတင်းများကို ရေးသားဖော်ပြကြသည့် လူမှုကွန်ယက်များ၊ အွန်လိုင်း၊ ပုံနှိပ်သတင်းဌာနများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ခြင်းမပြုပါလျှင် မည်သူမဆို ဥပဒေ၏ အဆုံးအဖြတ်ကို ခံရမည်ဖြစ်ကြောင်း မဘသအဖွဲ့(ဗဟို)က နိုဝင်ဘာ ၄ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

''ဗဟိုက ထုတ်တာဆိုတော့ ဦးဇင်းတို့အားလုံးကိုယ်စားပြုပါတယ်။ ဦးဇင်း ပုဂ္ဂလိကအနေနဲ့ လူမှု ကွန်ရက်ပေါ် တင်တာပြောဆိုတာတွေက တစ်ဖွဲ့လုံးကို ကိုယ်စားမပြုပါဘူး။ သတင်းဌာနတွေက စွပ်စွဲတာတွေ၊ မဟုတ်က ဟုတ်က ရေးတာတွေများတယ်ဗျာ။ ပြည်ပက ဥပဒေနဲ့လုပ်ဖို့ အလှမ်းဝေး တယ်၊ ပြည်တွင်းကိုလုပ်မှာပါ။ လက်ရှိတရားစွဲမယ့် မီဒီယာတွေရှိပါတယ်။ တရားစွဲမှာ ဘယ်မီဒီယာ လည်း ဆိုတာတော့ မဘသ (ဗဟို) ကသာ သိမှာပါ။ ဦးဇင်းတို့ မဘသ ကမြန်မာမီဒီယာတွေရဲ့ မဟုတ်တာရေးတာတွေနဲ့ မကင်းကြပါဘူး။ တစ်ဖက်သတ်မရေးသင့်ဘူး၊ မီဒီယာရဲ့ ကျင့်ဝတ်က ဘက်မလိုက်ရဘူး။ ရှုထောင့်ပေါင်းစုံကချပြသင့်တယ်။'' ဟု မဘသ အဖွဲ့ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သူ ဦးဝီရသူက မဇ္စျိမသို့ မိန့်ကြားသည်။

အမျိုးစောင့်ဥပဒေအပါအဝင် မဘသ လုပ်ရပ်မှန်သမျှကို နှောက်ယှက်သူ၊ ဟန့်တားသူမှန်သမျှသည် လည်း အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာဖျက်ဆီးမည့်သူများဖြစ်၍ ယင်းသည့်ပုဂ္ဂိုလ်၊ ပါတီများကို ကန့်ကွက်လည်း ကန့်ကွက်ပါသည်၊ အားမပေးဘဲ ရှောင်ရှားရန်လည်း ရဟန်း ရှင်လူ ပြည်သူအားလုံးတို့အား တိုက်တွန်းပါသည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထား ချက်မှာ တရားပွဲများအား နောက်ယှက်သည့်သူများ၊ ဖျက်လိုဖျက်ဆီး လုပ်မည့်သူများ ကိုရည်ရွယ်ကြောင်း ဦးဝီရသူက မိန့်သည်။

ဧရာဝတီသတင်းဌာန၏ အကြီးတန်းအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က အခြေခံဥပဒေတွင် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဟု တရားဝင်ပြဋ္ဌာန်းထားပြီး တကယ်တန်း ဥပဒေကို ချိုးဖောက်နေတာ ဘယ်သူပါလဲ၊ သာသနာနှင့် သက်ဆိုင်သောပုဂ္ဂိုလ် ဆိုတာ သာသနာ အတွက်သာ အလုပ်လုပ်ရန်လို လိုကြောင်း၊ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်၍ ပျက်စီးနေသော တိုင်းပြည်များ ကမ္ဘာပေါ်၌ ဒုနှင့်ဒေး ရှိသည်ဟု ဆိုသည်။

''၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုဘာသာရေးနဲ့ နိုင်ငံရေးမရောယှက်ရဘူးဆိုတာ တရားဝင် ပြဋ္ဌာန်းထားပါလျက်နဲ့ ဥပဒေကိုမျက်ကွယ်ပြုပြီးလုပ်ချင်ရာလုပ်နေတာဘယ်အဖွဲ့အစည်းပါလဲ။ ကိုယ့်ကို ထိလာတော့မှ ဥပဒေစကားပြောပြီး ကိုယ်ကိုယ်တိုင်ကတော့ ဥပဒေကို မထီမဲ့မြင်လုပ်တာက ရှက်တက်ရင် ကိုယ့်ဟာကိုယ် ပြန်ရှက်ကြစေချင်ပါတယ်။ သာသနာနဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်တွေသည် သာသနာတော်အတွက်ပဲ လုပ်ကြမယ်ဆိုရင် မီဒီယာတွေက ဘာမှ ရေးစရာမလိုပါဘူး။ သာသနာနဲ့ မဆိုင်တဲ့ကိစ္စတွေမှာ ဥပဒေ ချိုးဖောက်လုပ်နေတာကြောင့် မီဒီယာတွေက ရေးကြတာဖြစ်ပါတယ်။ ခုလိုရွေးကောက်ပွဲနီးချိန်မှ ထုတ်ပြန်ချက်ထုတ်ရတာဟာ ရှင်းရှင်းပြောရရင်တော့ လူထုရဲ့ နားလည်မှု ရေချိန်မြင့်တက်လာလို့ ထင်ပါတယ်။''ဟု ၎င်းက မဇ္စျိမသို့ ပြောသည်။

မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံး ကောင်းစားရေး၊ အမျိုးသားရေးလက္ခဏာမပျောက်ပျက်သော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပြီး ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါဟုလည်း လေးလေးနက်နက် ဂုဏ်ပြု တိုက်တွန်းကြောင်း မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

mabatha

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...