ဘာသာရေး အလွဲသုံးမည်ကို အရေးယူရန် ကုလ အထူးအကြံပေးနှစ်ဦး ထုတ်ဖော်

ဘာသာရေး အလွဲသုံးမည်ကို အရေးယူရန် ကုလ အထူးအကြံပေးနှစ်ဦး ထုတ်ဖော်
by -
မဇ္ဈိမ
လာမည့် ၃ ရက်အတွင်း ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ဘာသာရေးအား နိုင်ငံရေးအတွက် အလွဲသုံးစားပြုမည်ကို စိုးရိမ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေးနှစ်ဦးက ထုတ်ဖော်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆၄ တွင် ဖော်ပြထားချက်များကို ချိုးဖောက်မည်ကို စိုးရိမ်ကြသည်ဟု လူမျိုးတုံး သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေး မစ္စတာ Adama Dieng နှင့် အကာကွယ်ပေးရေး တာဝန်ခံမှုဆိုင်ရာ အထူးအကြံပေး မစ္စ Jennifer Welsh တို့က နိုဝင်ဘာ ၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

"မတူကွဲပြားမှုအမျိုးမျိုးနဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ ဘာသာရေး၊ လူမျိုးရေးကို ကာကွယ်ရမယ်ဆိုပြီး နိုင်ငံရေးရည် ရွယ်ချက်တွေ အောင်မြင်စေဖို့ ပြောဆိုစည်းရုံးမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။" ဟု အထူးအကြံပေးများက ပြောဆိုကြသည်။

နိုင်ငံရေးကိစ္စအတွက် 'ဘာသာရေးကို အလွဲသုံးစားမပြုရ'။ လူမျိုးရေး၊ ဘာသာရေးတို့ကြောင့် တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆၄ တွင် ဖော်ပြထားသည်။

အချို့ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီအဖွဲ့ဝင်များက မူဆလင်လူမျိုးစုငယ်များအပေါ် ဆန့်ကျင်သည့် အမုန်းတရားများ ဟောပြော၍ စည်းရုံးမှုများရှိနေကြောင်း ကြားသိနေရသဖြင့် ယင်းသည် အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ရာရောက်ပြီး နိုင်ငံတစ်ကာဥပဒေကလည်း တားမြစ်ထားသည်ဟု ကုလသမဂ္ဂ၏ အထူးအကြံပေးနှစ်ဦးက ဆိုသည်။

မြန်မာအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားမှုများအား အရေးယူတားမြစ်ခြင်းကို ဆောင်ရွက်ပေးပြီး ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ အပြန်အလှန် လေးစားခြင်းနဲ့ ငြိမ်းချမ်းစွာ ကျင်းပနိုင်စေရန် ဆောင်ရွက်ပေးရေး ထုတ်ပြန်ချက်အတွင်း ပန်ကြားထားပါသည်။

မြန်မာပြည်သူများအနေဖြင့်လည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် သည်းခံခွင့်လွှတ်နိုင်စွမ်းရှိသည့် နိုင်ငံတနိုင်ငံဖြစ်ကြောင်း လာမည့်ရွေးကောက်ပွဲကနေတဆင့် ပြသကြရန်ကိုလည်း အထူးအကြံပေးများက တောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွက် ရေရှည်ငြိမ်းချမ်း တိုးတက်စေရေး အပါအဝင် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုးတက်စေရေး ဆောင်ရွက်ကြပါရန် နောင်တက်လာမည့် အစိုးရအသစ်ကိုလည်း ကြိုတင်ပန်ကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...