“ဖြစ်တာက နံနက် ရ နာရီခွဲ- ၈ နာရီလောက်မှာ ဖြစ်တာပါ။ စစ်သားကတော့ ၂၀ လောက်ပါဝင်ပါ တယ်။ အမြောက်တပ် ၃၇၇ တပ်ရင်းမှူး ကိုယ်တိုင် ပါတယ်။ လက်နက်မပါတဲ့ ၁၀ ယောက်လောက် ကတော့ ကျောင်းထဲကို ဝင်လာပြီး ကျန် ၁၀ ယောက်လောက်ကတော့ လက်နက်တွေနဲ့ ကျောင်းကို ဝိုင်းထားတယ်။ ပြီးရင် ဆောင်းဘောက်နှစ်လုံး ပါသွားတယ်။ နောက်ပြီး တီဗီအပေါ်စက် ပါသွား တယ်။ အောက်စက်လည်း ပါသွားတယ်။ နောက်ပိုင်းမှာ ခွေဖွင့်တဲ့ ကလေးနှစ်ယောက်ကိုလည်း ဖမ်းယူသွားပါတယ်”ဟု အဆိုပါ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဦးဝရသာမိက နိရဥ္စရာသို့ မိန့်ကြားသည်။
ယခု စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ ပြိန်းချောင်း ရွှေပါရမီကျောင်း ဖြစ်ပြီး ကျောက်တော်မြို့ တောင် ဘက် ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွင် တည်ရှိပြီး တရားဥပဒေ စိုးမိုးသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပြိန်းချောင်းရွာသားများဖြစ်ကြသည့် အသက် ၂၈ နှစ်အရွယ် ကိုသိန်းညွန့်မောင် နှင့် အသက် ၁၅ နှစ် အရွယ် မောင်ဦးရွှေကျော် တို့ကို စစ်တပ်မှ အပေါက်ဝ ရဲစခန်းသို့ လွဲပြောင်းလိုက်ပြီး ညနေ ၄ နာရီခန့်တွင် သူတို့ နှစ်ဦးကို ခံဝန်ချက်ဖြင့် ရဲစခန်းမှ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရသည်။
“ ဖြစ်ပွားရတဲ့ အကြောင်းခံက ကလေးတွေကလေးတွေက ဝါကျွတ်လပြည့်နေ့ဆိုတော့ အသံချဲ့စက် ဖွင့်ကြတော့ ရခိုင်တပ်ဆိုလား အဲဒီက ထုတ်ထားတဲ့ သီချင်းကို ဖွင့်ကြတယ်။ အနီးအနားက သင်္ကန်းနက် ကျေးရွာမှာ ပဝါယနာ ပွဲရှိတော့ အဲဒီပွဲကို သွားဖို့ အစီအစဉ်ရှိတဲ့ အတွက် အသံချဲ့စက် ဖွင့်တာဖြစ်တယ်။ ဦးဇင်းက ကျောင်းပေါ်မှာ တပည့်တကာတွေနဲ့ သာသနာရေး၊ ဘာသာရေးနဲ့ ဇရပ် ကျောင်းကန် လုပ်ဖို့အတွက် ဆွေးနွေး နေကြတယ်။ ဒါကြောင့် ဦးဇင်းကတော့ အခြေအနေတွေကို မသိလိုက်ဘူး။ အောက်မှာ ကလေးတွေကတော့ ခွေဖွင့်တယ်လို့ပြောတယ်။ အဲဒီသီချင်းတွေကို နှစ်ကျော့ပြန် ဖွင့်တယ်ဆိုပြီးတော့ တပ်ရင်းမှူးက မာန်နဲ့လာပြီးတော့ တပည့်တွေနဲ့အတူ အခုလို သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ဆွမ်းလည်း မသုံးလိုက်ရဘူး။ ရွာသားတွေရဲ့ ပဝါယနာပွဲ သွားမယ့် ခရီးစဉ်လည်း ပျက်သွားတယ်”ဟု ပြောသည်။
ALA သည် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၏ လက်အောက်ခံ တပ်ဖြစ်ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားသည့် ပါတီတစ်ခု ဖြစ်သည်။ သို့အတွက် ၎င်းသီချင်းခွေအား မည်သည့်အချိန် မည်သည့်နေရာတွင်မဆို တရားဝင် ဖွင့်ခွင့်ရှိသည်ဟု ယူဆသောကြောင့် ဖွင့်၍ နားထောင်မိခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
“ကျနော်တို့အမြင်ပြောရမယ်ဆိုရင်တော့ တကယ်လို့ သူတို့က ဒီအခွေကို ဒီနေရာမှာ ဖွင့်လို့ မသင့် တော်ဘူးဆိုရင်လည်း အခုချိန်မှာ နေ့ကြီးရက်ကြီး အခါကြီးသမယမှာ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစဉ်အရ ကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ အခါသမယမှာ၊ အဲဒီအချိန်မှာတော့ သူတို့ သင့်တင့်လျောက်ပတ်တဲ့ နည်းနဲ့ ဒီအခွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အခွေ၊ ဒါကြောင့် ဒီအခွေတွေကို နောက်မဖွင့်နဲ့၊ တားဆီးရင်လည်း ဒီကလူတွေကတော့ သဘောပေါက်ပြီးသားပါ။ အားလုံးလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို တရားဥပဒေကို လေးစားလိုက်နာ ကြတဲ့ သူတွေပါ။ အခုတော့ အဲလိုမဟုတ်ဘဲ အမှန်တကယ် အစိမ်းရောင် နယ်မြေထဲမှာ သူတို့ကို တော်လှန်နေတဲ့၊ ပုန်ကန်နေတဲ့ သူတွေကို နိုင်ထက်စီးနင်း သတ်ဖို့၊ ဖြတ်ဖို့ ပုံစံမျိုးနဲ့ ရမ်းရမ်းကားကားနဲ့ လုပ်တော့ အနိုင်လာကျင့်တယ်လို့ မြင်ပါတယ်”ဟု ဒေသခံတစ်ဦး ဖြစ်သူ ဦးအောင်ပန်းကျော်က နိရဥ္စရာနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တပ်ရင်းမှူးနှင့် အတူလိုက်ပါလာသည့်တပ်သားတချို့သည် ယူနီဖောင်း အပြည့်ဖြင့် လက်နက်များ ကိုင်ဆောင်ထားကြပြီး အချို့တပ်သားများမှာ အရပ်ဝတ်များ ဝတ်ထားကြသည်ကို မြင်တွေ့ရသည်ဟု မျက်မြင်ဒေသခံ များက ဆိုသည်။
ဖမ်းဆီးခံရသူ ကိုသိန်းညွန့်မောင်နှင့် မောင်ဦးရွှေကျော်တို့ကို ဆက်လက် တရားစွဲဆိုမည်ဟု ဆိုသဖြင့် သက်ဆိုင်ရာ အပေါက်ဝ ရဲစခန်းသို့ ဆက်လက် မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “သူတို့ နှစ်ဦးကို လွတ်လိုက်ပါပြီ။ ကျွန်တော်တို့ ကတော့ တရားမစွဲပါဘူး။ ဒီအခွေက နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့က ထုတ်တာ ဖြစ်တဲ့ အတွက် ဒီသီချင်းခွေ ဖွင့်တာနဲ့ တရားစွဲလို့ မရဘူးလို့ တပ်ရင်းမှူးကို ပြောလိုက်ပါတယ်။ တပ်ရင်းမှူးကတော့ အေအေက သီချင်းခွေလို့ထင်တဲ့ အတွက် ဖမ်းတာပါ။ ကျွန်တော် အသေအချာ စစ်ကြည့်တော့ ALA က ထုတ်တဲ့ အခွေဖြစ်ပါတယ်။ တရားစွဲမယ် ဆိုရင်တော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိဘဲနဲ့ အသံချဲ့စက် ဖွင့်မှုနဲ့တော့ တရားစွဲလို့ ရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အသံချဲ့စက်ဖွင့်ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မယူဘဲ အသံချဲ့စက်ဖွင့်ခွင့် မရှိဘူးလားဟု မေးမြန်းရာ သူက “ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဥပဒေထဲမှာတော့ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက် မရရင် အသံချဲ့စက်ဖွင့်ခွင့် မရှိဘူးလို့ပါဝင်ပါတယ်”ဟု ဆိုသည်။
တရားဥပဒေစိုးမိုးသော နယ်မြေတစ်ခုတွင် ရဲက ဆောင်ရွက်လုပ်ကိုင်ရမည့် အလုပ်ကို စစ်တပ်က ဝင်ရောက် လုပ်ကိုင်သည့်အပေါ် တရား ဥပဒေရှုထောင့်က ကြည့်ပြီး မည်သို့ သုံးသပ်ပြောကြား လိုပါသလဲဟု မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “ယခု မေးခွန်းကို သက်ဆိုင်ရာ တပ်ရင်းမှူးကိုသာ မေးကြည့်ပါ” ဟု ပြန်လည် ဖြေကြားသည်။
ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အသုံးပြုပါက အဆိုပါအမှု၏ ပြစ်ဒဏ်မှာ ဒဏ်ငွေကျပ် (၅ဝဝဝ) ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက ရ ရက်ထက်မပိုသည့် ထောင်ဒဏ်ကို ကျခံရမည် ဖြစ်သည်ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေနှင့်နည်းဥပဒေတွင် ဖော်ပြထားသည်။







