ထိုသို့ ရှင်းလင်းရခြင်းမှာ ရဟန်းတော်များနှင့် ဒေသခံများမှ ၎င်းဘုန်းကြီး သေဆုံးမှုမှာ မိမိကိုယ်ကို သတ်သေဆုံးခြင်း မဟုတ်ဘဲ၊ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သံသယများရှိနေကြသည့်အပြင် ပြောဆိုနေမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသောကြောင်း ဖြစ်သည်ဟု သိရသည်။
မြို့နယ် ရဲမှူး မြင့်သောင်းက “ကျွန်တော်တို့က ဘာမှ အမှုကို ဖြစ်တဲ့အတိုင်း အမှန် မပြောစရာ အကြောင်း မရှိပါဘူး။ ဘုန်းကြီးရဲ့ အစ်ကိုတော်စပ်သူ ဦးမြသာရဲ့ ထွက်ဆိုချက်၊ မြေပြင်အနေအထား၊ သေဆုံးတဲ့ ဘုန်းတော်ကြီးရဲ့ အနီးပတ်ဝန်းကျင် အခြေအနေတွေကို စစ်ဆေးပြီးတော့မှ ဘုန်းကြီးက ကိုယ်ကိုကိုယ် သတ်သေနိုင်တဲ့ အနေအထားမျိုး ရှိတာကို စစ်ဆေးတွေ့ရတဲ့အတွက် ခုလိုမျိုး သတ်သေတာ ဖြစ်နိုင်တယ်လို့ ပြောဆိုရတာ ဖြစ်ပါတယ်”ဟု ၎င်းရှင်းလင်းပွဲတွင် ပြောကြားသည်။
အခင်းဖြစ်ပွားပြီးနောက် ဘုန်းတော်ကြီး ဦးခန္တီစာရ ဆွမ်းခံ မထွက်သည်မှာ နှစ်ရက်ခန့် ရှိနေပြီ ဖြစ်သောကြောင့် အစ်ကိုဖြစ်သူ ဦးမြသာနှင့် ဆွေမျိုးတော်စပ်သူ မောင်စောချေတို့ သွားရောက် ကြည့်ရှု့စဉ် ကျောင်းဝင်း ခြံတံခါးကို ပိတ်ထားသည်ကို တွေ့ရသဖြင့် ခြံစည်းရိုး တံခါးကို ဖွင့်ဝင်ခဲ့ကြောင်း၊ ကျောင်းရှေ့သို့ ရောက်စဉ် ကျောင်းတံခါးကိုလည်း ပိတ်ထားသည်ကို တွေ့ရကြောင်း၊ တွန်းကြည့်ရာ ဝင်၍ မရကြောင်း၊ သို့အတွက် ကျောင်းနောက်ဘေး တံခါးပေါက်မှ အတင်းတွန်းဝင်ရာ ကျောင်းထဲ သို့ ရောက်ကြောင်း၊ ကျောင်းထဲတွင် ဦးခန္တီစာရ ကျိန်းသော အခန်းကိုလည်း တံခါးပိတ်ထားရာ တွန်းဝင်ရကြောင်း၊ အထဲကို ရောက်မှ ဘုန်းကြီးမှာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ဘုန်းကြီးအနီးတွင် သွေးများကို ခံထားသော ထွေးခံတစ်လုံးနှင့် မီးဖိုချောင်သုံး ဓားငယ်တစ်လက်ကို သွေးအနည်းငယ် ပယ်၍ တွေ့ရကြောင်း၊ ယင်းအပြင် ဘုန်းကြီး၏ လည်ပင်းအောက်တွင် သစ်သားအမာ တစ်ခုကို လည်ပင်းအောက်က ခံ၍ တွေ့ရှိသည်ဟု အစ်ကို ဖြစ်သူက ပြောကြောင်း၊ ယင်းတွေ့ရှိချက်များကို သုံးသပ် ကြည့်ရှု့ခြင်း အားဖြင့် မိမိကိုယ်ကို သတ်သေပုံရကြောင်း၊ အကယ်၍ တစ်ဖွဲ့ဖွဲ့က သော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကလည်း သော်လည်းကောင်း သတ်ပါက ကျောင်းတံခါးများ၊ ခြံစည်းရိုးများ ပွင့်၍ ရှိရမည် ဖြစ်ပါကြောင်း ပြောဆိုသည်။
၎င်းပြင် ယခုအခါ သွေးများနှင့် သက်သေခံ အထောက်အထားများကို နေပြည်တော် CID အဆင့်မြင့် စစ်ဆေးရန် ပို့ဆောင်ထားပြီ ဖြစ်ကြောင်း၊ မိမိမှာ လုပ်သက် ၂၀ ခန့် ရှိပြီး လူသတ်မှု နှင့် ပတ်သက်ပြီး အမှုပေါင်းများစွာကို လိုက်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ အမှန်တရား အတိုင်း ဖြစ်စေရမည်ဟု မြို့နယ်မှူးက ပြောဆိုသည်။
အစ်ကို ဖြစ်သူ ဦးမြသာကလည်း လူထုရှေ့တွင် ထွက်ဆိုရာ ၎င်းနေ့နံနက် ၁၁ နာရီခွဲတွင် ကျောင်းသို့ သွားကြောင်း၊ သူ၏ ယောက်ဖ တော်စပ်သူ မောင်စောချေမှာ ဝိမလတောင်က ဥပုတ်နဲ့ လာကြောင်း၊ ကျောင်းဝကို သော့ခလောက် ခတ်ထားကြောင်း၊ ဘုန်းကြီးကျောင်းတစ်ခုလုံးကို ပိတ်ထားသည်ကို တွေ့ရကြောင်း၊ ဘုန်းကြီး အနီးတွင် မီးဖိုချောင်သုံး ဓါး၊ ထွေးခံ တစ်လုံး၊ ခေါင်းအောက်တွင် အမာခံ သစ်သား တစ်ခုတို့ကို တွေ့ရကြောင်း။ အခန်းထဲကို ဝင်ကြည့်ရာတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ပြောကြားသည်။
ဆရာတော် သေဆုံးစဉ် စတင် သွားရောက် စစ်ဆေးခဲ့သည့် မြောက်ဦးရဲစခန်းမှူး ဦးသာဇံဦးကလည်း “သေဆုံးသူ ဆရာတော်၏ ဘေးနားတွင် နှစ်လက်မ အရှည် ဓါးကလေး တစ်ချောင်း၊ စတီးလ်ဓါးပေါ့၊ အရိုးက လေးလက်မ၊ အရှည်က သုံးလက်မ၊ ပေါင်းရင် ခုနှစ်လက်မ ရှည်တဲ့ ဓါးကလေး တစ်ချောင်းကို တွေ့ကြောင်း၊ အဲဒီ ဓါးမှာ သွေးတွေ ပေနေတယ်။ ဆရာတော် ခေါင်းရင်းဘေးမှာ တယ်လီဖုန်း တစ်လုံး၊ အဲဒီနားမှာ နှစ်ပေ အကွာလောက်မှာ သစ်သား ပျဉ်ကတိုးသစ်သား တစ်တောင်ခန့်ရှိတဲ့ သစ်သားပိုင်း တစ်ပိုင်းတွေ့တယ်၊ စတီးလ် သွေးတွေ ဝင်နေတဲ့ ထွေးခံလေး တစ်လုံးတွေ့ပါတယ်။ ဆရာတော်မှာ မျက်မှန်က နှစ်လက်ပါ။ စာကြည့် မျက်မှန်လို့ ယူဆရတဲ့ မျက်မှန်က နှစ်လက်ပါ။ ဆရာတော်ရဲ့ ဘေးနားမှာ တွေ့ပါတယ်။ အဲဒီ အနေထားကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ပါတယ်။ သက်သေ ဟူသမျှကို စစ်ဆေးလို့ ရပါတယ်။ သေမှု သေခင်း ဖွင့်ပါတယ်။ အမူဖွင့်တဲ့ သဘောပါ။ သို့သော် လောလောဆယ် အနေအထားကို ကြည့်တော့ တွေ့ရတဲ့ အခြေအနေမျိုးက ကိုယ်ကို ဖြစ်နိုင်တယ်။ SUCIDIE လုပ်တဲ့ အနေအထားမျိုးပေါ့။ ပြည့်ပြည့်စုံစုံကိုတော့ မပြောနိုင်သေဘူး။ အခု ဆေးစစ်ဖို့ မြောက်ဦးဆေးရုံကို ပို့ထားပါတယ်”ဟု ပြောသည်။
တက်ရောက်လာသော ဆရာတော် တစ်ပါးကမူ အမှုကို တကယ်ဖြစ်ပွားရသော အကြောင်းခြင်းရာကို အသေးစိတ် မသိရခင် မိမိကိုယ်ကို သတ်သေမှုဟု ထုတ်ပြန်ခြင်းမှာ အချိန်စောလွန်းနေသည်ဟု ထင်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုသည်။
ရှင်းလင်းပွဲသို့ တက်ရောက်လာသူ မြို့ဦးခေါင်းဆရာတော် ဦးဝဏ္ဍသာရမှ မိမိတို့အနေဖြင့် အမှန်တရားကို သိလိုကြောင်း၊ ဆရာတော်သည် အမှန်တကယ် မိမိကိုယ်ကို သတ်သေသလား၊ သူတစ်ပါးက လုပ်ကြံ သတ်ဖြတ်သလားဆိုသည့် အချက် နှစ်ချက်ထဲမှ တစ်ချက်ကို သိလိုကြောင်း ပြောဆိုသည်။
မြောက်ဦးမြို့နယ်တွင် ယခင်နှစ်ကလည်း သက်တော် ၈၀ ခန့်ရှိ ရဟန်းတော် တစ်ပါး ဓားဒဏ်ရာ များဖြင့် သေဆုံးနေသည် ကို တွေ့ရှိခဲ့ရသော်လည်း အမှုကို မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ယခုလည်း ဆရာတော် တစ်ပါး လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော်လည်း အမှုမှန်ကို မဖော်ထုတ်နိုင်ဘဲရှိပါက မြောက်ဦးမြို့နယ်တွင် သီတင်းသုံးနေသော ရဟန်းတော်များ အတွက် စိုးရိမ်စရာ ဖြစ်နေသဖြင့် အမှုကို အမြန်ဆုံး ဖော်ထုတ်ရန် လိုအပ်ကြောင်း တက်ရောက်လာသော ဆရာတော်တစ်ပါးကလည်း တိုက်တွန်း ပြောဆိုသည်။







