“လူငယ်တွေကို သည်းခံတရားမွေးကြဖို့နဲ့ လုပ်ကိုင်တဲ့ နေရာမှာ ကိုယ့်လူမျိုးဂုဏ်သိက္ခာ မညှိုးနွမ်းဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်”ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြအောင်က ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဦးဥတ္တမနေ့ကျင်းပစဉ် မိန်းခွန်းပြောကြားရာ၌ ဦးမြအောင်က ထိုသို့ ထည့်သွင်း ပြောကြားသွား ခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် သူက “ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်လူမျိုးဝန်ကြီးချုပ် တစ်ယောက်အနေအနဲ့ ကျင်းပခွင့်ရခဲ့တဲ့အတွက် စိတ်ထဲမှာ ပီတိ ဝမ်းသာမိပါတယ်။ ကိုယ့်ရခိုင်သား တစ်ယောက်အနေနဲ့ ရခိုင်သူရခိုင်သားတွေမျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေ ပြည့်လာတယ်လို့ဘဲ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။
ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကော်မတီတစ်ရပ် ဖွဲ့စည်း၍ စီစဉ်ကျင်းပခြင်း ဖြစ်ပြီး နံနက် ၅ နာရီခွဲတွင် ဆရာတော် သံဃာတော်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဥတ္တမခန်းမတွင် အာရုံဆွမ်းကျွေးခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခမ်းအနား ပီပီပြင်ပြင်နှင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဖြစ်ရန်အတွက် ကော်မတီဖွဲ့ကာ ကျင်းပခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများအတွက် လိုအပ်သောရန်ပုံငွေများ ကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ယခုနှစ် ဆရာတော်ဦးဥတ္တမအခမ်းအနားတွင် ပန်းခွေချခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုပေးခြင်းနှင့် စာရေးဆရာမ ဒေါ်ပံသုခင်က ဟောပြောခြင်း အစီအစဉ်များ ပါဝင်သည်။
ဟောပြောပွဲပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသူ မထွန်းနုနုခိုင်ကလည်း ဆရာတော် ဦးဥတ္တမ အကြောင်းနှင့် ယနေ့မျက်မှောက်ခေတ် အခြေအနေများကို ထည့်သွင်းဟောပြောခဲ့သည်။
“ခေတ်အဆက်ဆက် နိုင်ငံရေးလောကကို ကြည့်လိုက်ကြရင် နိုင်ငံရေးလုပ်တာမှာ နှစ်မျိုးနှစ်စားကို တွေ့မြင်နိုင်ပါတယ်။ တစ်မျိုးကတော့ နိုင်ငံရေးကို လုပ်စားတယ်လို့ ခေါ်ပြီးတော့၊ နောက်တစ်မျိုး ကတော့ နိုင်ငံရေးလုပ်တာပဲဖြစ်ပါတယ်။ နိုင်ငံရေးကို လုပ်စားတယ်ဆိုတာကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ခုတုံးလုပ်ပြီးတော့ ကိုယ်ကောင်းရာ ကောင်းကျိုး အတွက် လုပ်တာကိုခေါ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်၊ ကိုယ့်နယ်၊ ကိုယ့်ဒေသအတွက် အသက်ကို ပဓာနမထားဘဲ၊ အသက်ကိုရင်းပြီးတော့ ဆရာတော်လို နိုင်ငံရေးအစစ်အမှန်ကို လုပ်တဲ့ လူကိုမှ နိုင်ငံရေးကို လုပ်တယ်လို့ ခေါ်ပါတယ်”ဟု သူမက ဟောပြောခဲ့သည်။
ဆရာမပံသုခင်ကလည်း အာဇာနည် မျိုးဆက်သစ်ရို့လမ်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
“အယင်တုန်းကတော့ ဦးဥတ္တမပန်းခြံဟာ ပုံဖျက်ခံရတဲ့ပန်းခြံ၊ ဦးဥတ္တမဆိုတဲ့ စကားကို လေသံ ကျယ်ကျယ်နဲ့တောင် ပြောလို့မရကြဘူး။ ပန်းခွေချလို့မရဘူး။ ပန်းစည်းမှ ချရမယ်၊ ပန်းခြင်းမှချရမယ် ဆိုတဲ့ အကန့်အသတ်တွေကြားမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဆရာတော်ဦးဥတ္တမနေ့ကို လုပ်ခဲ့ကြတယ်။ အခုလိုမျိုး စည်စည်ကားကားကျင်းပနိုင်တာကို တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု ဆရာမက ပြောသည်။
ဆရာတော် စကားတစ်ခွန်းရှိသည်၊ မည်သို့ပင် ဆိုးယုတ်၊ ကောက်ကျစ်စဉ်းလဲသည့် အစိုးရဖြစ်ပါစေ ပြည်သူတို့ အမှန်တကယ် ရိုးသားဖြောင့်မတ်သည့် စိတ်ဓါတ်အင်အားဖြင့် တွန်းလှန်လျှင် မည်သည့် အခါမျှ တောင့်မခံနိုင်ဟု ဆရာမက ဟောပြောခဲ့သည်။
စိတ်တွေမြို့ပေါ်လူထုသည် သူတစ်ပေါက် ကိုယ်တစ်ပေါက်ဖြင့် အစိတ်စိတ် အမွှာမွှာ စည်းလုံးညီညွတ်မှုမရှိ ဖြစ်နေသည်ကိုလည်း ဆရာမက ထည့်သွင်းဟောပြောခဲ့သည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် စီစဉ်သူတစ်ဦးလည်းဖြစ်၊ ဆရာတော်ဦးဥတ္တမ ရုပ်တုအောက်ခြေ နေရာများကို ပြုပြင်မွန်းမံရာတွင် ဦးစီဆောင်ရွက်ခဲ့သူ ဦးထွန်းဦးကျော်ကလည်း “ဦးဥတ္တမပန်းခြံကို မြို့အင်္ဂါရပ်နဲ့အညီ ထိုင်ခုံ၊လမ်း၊ ကစားစရာများ၊ အများပြည်သူနားနေနိုင်တဲ့ လမ်းမီးတိုင်တွေနဲ့ ပိုမို တင့်တယ် ခန်းနားအောင် ပြုလုပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဆရာတော်ဦးဥတ္တမရုပ်တုရဲ့ နောက်ဘက်မှာ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိ လုပ်ဆောင်ချက်တွေ ထားရှိမယ့် သမိုင်းပြတိုက်တစ်ခု လုပ်ပေးစေချင်ပါတယ်။ ဦးဥတ္တမနေ့ကိုလည်း ရခိုင်ပြည်နယ်ထဲမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရအဖြစ် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပြီးတော့ နိုင်ငံတော်ကို တင်ပြပေးဖို့ တောင်းဆိုလိုပါတယ်”ဟု ကျေးဇူးတင်စကား ပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် ဆရာဦးကျော်ဇံမောင်က ဆရာတော်ဦးဥတ္တမကို ရတုတစ်ပုဒ်ဖြင့် ဂုဏ်ပြုပူဇော်ခဲ့ပြီး၊ အခမ်းအနားတက်ရောက်လာသူများက ဆရာတော်ဦးဥတ္တမကို တစ်မိနစ် ငြိမ်သက် ဂါရဝပြုခဲ့ကြသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းများအပါအဝင် လူပေါင်း ၁ဝဝဝ ခန့်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား ဒုတိယအစီအစဉ်ကို နံနက် ၉ နာရီတွင် စတင်ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။
အခမ်းအနားတွင် ဆရာတော်ဦးဥတ္တမနှင့် သက်ဆိုင်သော ပန်းချီကားများအပြင် အခြားစိတ်ဝင်စားစရာ ပန်းချီကားများကိုလည်း အများပြည်သူလေ့လာနိုင်ရန် ပြသထားသည်။







