မေး-နာမည်နဲ့ ကိုယ်စားပြု အဖွဲ့ကို ပြောပြ ပေးပါ။
ဖြေ-ကျွန်တော့်နာမည် မောင်အေးလင်း ပါ။ ရန်ကုန်ဗဟန်းမှာ နေပါတယ်။ ကိုယ်စားပြုကတော့ မင်္ဂလာဈေး မိသားစုတွေလည်း ပါသလို ကျွန်တော် တို့ One Flower နဲ့ ဒေါက်တာ မျိုးမြတ်၊ နောက်အသိမိတ်ဆွေတွေနဲ့ ရန် ကုန်ကနေ လာကြပါတယ်။ ပစ္စည်းတွေကိုတော့ Golden Myanmar Airline က သယ်ပေးတယ်။ အဲဒီ ပစ္စည်းတွေနဲ့ ကျွန်တော်တို့က ဒီအထိလာပြီးတော့ လှူတန်းတာပါ။
မေး-အခု ဘယ်မြို့နယ်တွေကို အဓိက ထားပြီး ကူညီနေတာပါလဲ။
ဖြေ-ကျွန်တော် လက်ရှိရောက်နေတာက တော့ မြောက်ဦးပါ။ ဒါပေမဲ့ ရှေ့ကို ပထမတစ်ကြိမ် ရောက်လာတုန်းက မင်းပြားဘက်ကို သွားပေမယ့် သွားလို့မရဘူး။ တံတား ကျိုးနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ပထမတစ်ကြိမ်မှာ ဆန်အိတ် ရဝဝ ကို မြောက်ဦးမြို့နယ်မှာ လှူပြီးတော့ စစ်တွေကို ပြန်သွားတယ်။ ဂိုးဒင်းမြန်မာ လေကြောင်းလိုင်းနဲ့ နောက်ထပ်လာပြီး ဒီနေ့ကနေပြီးတော့ ဆန် ၁၈၅ အိတ်ကို ကူညီထောက်ပံ့နေတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့ရဲ့ သကျမာန်အောင် ဘုန်းကြီးကျောင်းမှာ ဆန်အိတ်တွေ အခုချိန်ထိရှိသေးတယ်။ အဲဒီထဲက ပစ္စည်းအပေါ့တွေ၊ ခေါက်ဆွဲခြောက်တို့ အဝတ်အထည်တို့ ဖိနပ်တို့ ရေသန့်တို့ ကျွန်တော်တို့ ဒီစင်းဘောကိုင်း ရွာဆိုရင်တစ် ခြမ်းပါသွားတယ်။ အိမ်ခြေ ၂၂ အိမ်၊ ရေထဲပြုတ်ကျသွားတယ်။ အမျာ ကြီးဆိုးပါတယ်။ အခု ဒီမှာ မြင်နေရတဲ့ အနေအထားထက်ပိုဆိုးတယ်။ အဲဒီရွာကို သွားရောက် ကူညီခဲ့ပါတယ်။
မေး ဘယ်ရွာတွေမှာ အကူ အညီပေးပြီး ပါပြီလဲ။
ဖြေ-ကျွန်တော်တို့က ပထမတစ်ကြိမ်ပေး တာကတော့ ရွာပေါင်း ၆၂ ရွာရှိပြီ။ ပလက်ဝ မြို့နယ်မှာ ၄ ရွာပါတယ်။ ကျန်တဲ့ ရွာတွေ ကတော့ မြောက်ဦးနယ်ထဲကပဲ။ ဒီနေ့ သွားလှူတာက ကျွန်တော်တို့ သွားတာက စင်းဘောကိုင်း ရွာရယ်၊ လက်ပြရွာရယ်။ အဲဒီနှစ်ရွာပဲ ရောက်ခဲ့ပါတယ်။
မေး-စုစုပေါင်းတန်ဖိုးငွေက ကျပ်ငွေ ဘယ်လောက်ရှိပါလဲ။
ဖြေ-တန်ဖိုးကျပ်ငွေကိုတွက်ကြည့်မယ်ဆိုရင် ဆန်အိတ်တွေနဲ့ ဒီ့ပြင်ပစ္စည်းနဲ့ဆိုရင် မြန်မာငွေကျပ် သိန်း (၂) ထောင် အထက် ကို ရှိလိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။
မေး-အဲဒီ အကူအညီကို ဘယ်အဖွဲ့ကနေ ပြီးတော့ ဦးဆောင်လုပ်တာလဲ။
ဖြေ-ဘယ်အဖွဲ့အစည်းကရယ်လို့တော့ မဟုတ်ဘူး။ ကျွန်တော်တို့ ဝင်းဖလားဝါး မိသားစုပေါ့နော်။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့အတွက်နဲ့ ကျွန်တော်တို့ကလည်း ရခိုင်လူမျိုးဖြစ်တဲ့အတွက်နဲ့ မမြင်နိုင်၊ မနေနိုင်လို့ လုပ်ဖြစ်တာပါ။ နောက်မိတ်ဆွေ သူငယ်ချင်း မင်္ဂလာဈေး၊ ပြီးတော့ မန္တလေးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကိုးကွယ်လာတဲ့ ဘဒ္ဒန္တ အရှင်ဉာဏစက္ကပေါ့ နော်။ အဲဒီဆရာတော်ကြီးရဲ့မေတ္တာခံယူ ပြီးတော့ ကျွန်တော်တို့ One Flower နဲ့ ဒေါက်တာမျိုးမြ၊ နောက်အသိမိတ်ဆွေတွေနဲ့ ရန် ကုန်ကနေ ကျွန်တော်တို့ ဒီကိုဆင်းလာတာပါ။
မေး-အခုလို ရခိုင်လူမျိုးတွေ ဒုက္ခရောက် နေတာကိုမြင်ရတော့ စိတ်ထဲမှာဘယ်လို ခံစားရလဲ။
ဖြေ-စိတ်တော့ မကောင်းဘူး။ ကိုယ့် ပြည်နယ်ထဲမှာ ကိုယ့်လူမျိုးတွေ ဒီလိုမျိုး ခံစားနေရတယ်ဆိုတော့ ဘယ်လိုမှ ပြောပြလို့မရတဲ့ ခံစားမှုမျိုးနဲ့ ခံစားရပါတယ်။ တစ်ခါမှလည်း မကြုံဖူးဘူး။ ဒီလိုမျိုး ဖြစ်လာ လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မအောက်မေ့မိခဲ့ပါဘူး။ အခု ဒီလို အခြေအနေမျိုးကို မြင်ရတော့ အရမ်း စိတ်ထိခိုက်ရပါတယ်။ ကျွန်တော်တို့လို စေတနာရှင် လူမှုအဖွဲ့အစည်းတွေအပြင် လက်ရှိတော့ အစိုးရက အနည်းအကျဉ်းတော့ အထောက်အပံ့ ပေးနေပါပြီ။ ကျွန်တော်တို့ စရောက်တုန်းကတော့ ဘာမှ မရှိသေးဘူး။
မေး-ညီလေးက အသယ်ငယ်သေးပေမဲ့ ပရဟိတလုပ်ငန်းတွေကို ဘယ်လိုစိတ်ဝင် စားလာခဲ့တာလဲ။
ဖြေ-အရင်တုန်းကလည်း လုပ်ပါတယ်။ ပရဟိတကတော့။ အလိုတော်ပြည့် ဆရာတော် ဘုရားကြီးကျောင်းမှာလည်း လုပ်တယ်။ မင်္ဂလာဒုံကျောင်းမှာ အရှင်ဉာဏစက္ကရှိတုန်းကလည်း လုပ်တယ်။ အဲလိုမျိုး လုပ်တာတွေရှိတာပေါ့။ ပရဟိတကတော့ မွန်မြတ်တဲ့ အလုပ်ဖြစ်တဲ့အတွက် လုပ်တာ ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်မှာဖြစ်နေတဲ့အတွက် အမှန်တကယ်ဒုက္ခရောက်နေကြတဲ့ သူတွေကို ကူညီလိုတဲ့ အတွက် ရန်ကုန်ကနေ ဆင်းလာပြီး ကျေးရွာအရောက် ကျွန်တော်တို့ ဆင်းလာပြီး ကိုယ်တိုင်ကိုယ်ကျ ကူညီတာ ဖြစ်ပါတယ်။







