“အခု ကျွန်တော်တို့ဆီမှာလေ အစိုးရက မျိုးစပါးပေးတယ်ဆိုပြီးတော့ တစ်ဧကကို မျိုးစပါး နှစ်သိုက် (တစ်ပြည်)စီ ထုတ်ပေးနေပါတယ်။ ကျွန်တော်တို့ ဒေသနဲ့ဆိုရင်တော့ တစ်ဧကို စိုက်မယ်ဆိုရင် တစ်တင်းကျော်ကျော် လောက် အသုံးပြုရပါတယ်။ တစ်တင်းခွဲလောက်သုံးပါတယ်။ ဒီနေ့မှာပဲ ကျွန်တော်တို့ သာစည်ကျေးရွာအုပ်စု ကန်ချောင်း ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ထုတ်ပေးတာဖြစ်ပါတယ်”ဟု ဦးထွန်းယဉ်က ပြောသည်။
လယ်ပျက်စာရင်းတင်ထားသည့် လယ်သမားများကို ကျေးရွာအုပ်ချုပ်ရေးမှူးက စိုက်ပျိုးမြေတစ်ဧက အတွက် တစ်ပြည်နှုန်းထုတ်ပေးနေခြင်းဖြစ်ပြီး အပေါ်မှ မည်မျှချပေးထားသည်ကို သူတို့မသိရှိရဟု သူက ပြောသည်။
“စိုက်ပျိုးရေးနည်းပညာမှာလည်း စိုက်ပျိုးမြေတစ်ဧကကို တစ်ပြည်နှုန်းနဲ့ လုံလောက်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ မျိုးစပါးဆိုပြီးတော့ မျိုးကောင်းမျိုးသန့်လည်း မဟုတ်ပါဘူး”ဟု ဦးထွန်းယဉ်က ဆက်လက်ပြောသည်။
အဆိုပါဒေသ၌ လယ်မြေပျက်စီးသွားသောနေရာများတွင် အချို့လယ်သမားများ ကိုယ်နည်းကိုယ်ဟန် ဖြင့် စပါးများစတင်စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်နောက်ကျနေသဖြင့် မိုးပြတ်သွားလျှင် ပျက်စီးဆုံးရှုံးမှု များ ဖြစ်လာနိုင်သည်ဟု သိရသည်။
အဆိုပါဒေသ၌ သက်တန့်တို စပါးများကို စိုက်ပျိုး၍မရနိုင်ဘဲ သက်တန့်ရှည်စပါးများကို စိုက်ပျိုးမှ အဆင်ပြေသည်ဟုလည်း သိရသည်။
“သက်တန့်ရှည် စပါးတွေကိုပဲစိုက်ပျိုးထားတဲ့အတွက် မိုးပြတ်သွားတဲ့အချိန်မှာ တာတမံတွေက ရေတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခု တာတမံတွေမှာလည်း ပုဇွန်မွေးမြူတဲ့သူတွေက ဖေါက်ချ ထားတဲ့အတွက် ဆားငန်တွေချည်းပဲ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အပေါ်ကို တင်ပြထားပါ တယ်။ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ပေးပေမယ့် အခုထက်ထိ ဘာတစ်ခုမှ အရေးယူဆောင်ရွက် မရှိသေးပါဘူး”ဟု အဆိုပါ လယ်သမားက ပြောသည်။
ပုဇွန်မွေးမြူသူများသည်လည်း အဆိုပါကျေးရွာမှ ဒေသခံများဖြစ်ပြီး ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ရင်းနှီးကြသူများ ဖြစ်ကြောင်း ကန်ချောင်းမှ လယ်သမားထံမှ သိရသည်။
ပုဇွန်မွေးမြူသူများကြောင့် လယ်သမားများသာ အခက်တွေ့နေရသည်သာမကပဲ နေ့တဓူဝ လက်လုပ် လက်စားများ အတွက် ငါးရှာရန်နေရာမရှိဖြစ်နေပြီး၊ မိမိဒေမှ ထွက်ခွာသွားသူများ တစ်နေ့ထက် တစ်နေ့ များလာနေကြောင်း သိရသည်။
မျိုးစပါး ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်မေးမြန်းရာ ပြည်နယ်မှ သက်ဆိုင်ရာ မြို့နယ်အလိုက် စိုက်ပျိုးမြေ တစ်ဧကအတွက် မျိုးစပါးတစ်တင်းနှုန်းဖြင့် ထုတ်ပေးထား ကြောင်း၊ မရရှိပါက သက်ဆိုင်မြို့နယ်များမှ လယ်သမားများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဌာသို့ တင်ပြ တောင်းဆိုကြပါဟု ဖြေကြားသွားသည်။
အဆိုပါကျေးရွာတွင် စိုက်ဘဏ်ချေးငွေကို မဆပ်နိုင်သေးသည့် လယ်သမားများရှိနေသေး၍ ပုံစံ ရ ရှိပြီ ဖြစ်သော်လည်း စိုက်ဘဏ်ချေးငွေ မရရှိသေးကြောင်းလည်း သိရှိရသည်။







