ယင်းကို သြဂုတ်လ ၃ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ် ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ ၂ ရက်နေ့အထိ ကောက်ခံထားသည့်စာရင်းအရ အဆိုပါ ဖြစ်စဉ်ကြောင့် မြောက်ဦးမြို့နယ်တွင် ကျား ၃ ဦး၊ မ ၆ ဦး၊ ကျောက်တော်မြို့နယ်တွင် ကျား ၁ ဦး၊ မင်းပြားမြို့နယ်တွင် ကျား ၄ ဦး၊ မ ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ကျား ၉ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၃၅ ဦး သေဆုံးသွားခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေသေးသည်ဟု ဆိုသည်။
“အသေအပျောက်စာရင်းတွေကတော့ တစ်နေ့ထက်တစ်နေ့ နည်းနည်းကွာဟမှုတော့ ရှိလာနိုင်တယ်။ ဘာလို့လဲဆိုတော့ အခုစာရင်းက မနေ့ကရရှိထားတဲ့စာရင်းပဲဖြစ်တယ်”ဟု ဦးလှသိန်းက ပြောသည်။
ယင်းအပြင် အဆိုပါဖြစ်စဉ်ကြောင့် ပြည်နယ်တွင်း လူနေအိမ်ပေါင်း ၅ ထောင်ကျော်၊ ဘုန်းကြီးကျောင်း ၂၇ ကျောင်း၊ လမ်း ၁ လမ်း၊ တံတား ၄ စင်း၊ လျှိုပိတ်ဆည်ပေါင်း ၄ဝ ခုနှင့် စိုက်ပျိုးမြေဧကပေါင်း ဧကပေါင်း ရ သောင်းကျော် ရေလွှမ်းဒဏ်ခံခဲ့ရကာ တိရစ္ဆာန်ကောင်ရေပေါင်း ၈ဝဝ ကျော် သေဆုံး သွားခဲ့သည်ဟုလည်း ပြည်နယ်အစိုးရက သြဂုတ်လ ၃ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုဖြစ်စဉ်ကြောင့် ဒေသခံ တစ်သောင်းကျော်မှာ ယာယီကယ်ဆယ်ရေးစခန်းများတွင် ရေဘေးဒဏ် ခိုလှုံလျက်ရှိပြီး ယင်းဖြစ်စဉ်ကြောင့် ပြည်နယ်တွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၇,ဝဝဝ ကျော်ဖိုးရှိကြောင်းလည်း ပြည်နယ်အစိုးရထံမှ သိရသည်။
ယခုကဲ့သို့ သေဆုံးနှုန်း မြင့်တက်နိုင်ခြင်းမှာ ရေကြီးခြင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုမန်မုန်တိုင်း အရှိန်ကြောင့် သစ်ပင်များပြိုလဲရာတွင် သစ်ပင်ပိ၍သေဆုံးမှုများလည်း ကြားသိရသည့်အတွက် ဖြစ်ကြောင်းလည်း ရေဘေးသင့်ပြည်သူများက ဆိုသည်။
ပြည်နယ်အစိုးရထုတ်ပြန်လိုက်သော်လည်း သေဆုံးသူမှာ ယင်းထက်များပြားနိုင်ကြောင်း ရေဘေးသင့် ဒေသခံများက ပြောသည်။
“၃ဝ ကျော်တည်း ဘယ်ကပါ့မလဲဗျာ။ ဒီထက်များနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက အဆမတန် မြင့်တက်ခဲ့တဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့့ ကလေးတွေ အများဆုံး သေဆုံးသွား နိုင်တယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တူးပေါက်ကျေးရွာမှ ရေဘေးသင့်ပြည်သူ ဦးခင်မောင်က ပြောသည်။







