နိုင်ငံကူးလက်မှတ်ရှိသော်လည်း တာချီလိတ်နယ်စပ်တွင် ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

နိုင်ငံကူးလက်မှတ်ရှိသော်လည်း တာချီလိတ်နယ်စပ်တွင် ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပသို့ ထွက်ခွာသူ ပိုမိုများပြားလာရာ တရားဝင် နိုင်ငံကူးလက်မှတ် ရှိသူများကိုပင် စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းဘတ်ငွေ ထောင်နှင့် ချီ၍ တောင်းခံမှုများ ရှိနေသည်ဟု နယ်စပ်နေ ပြည်သူများက ပြောသည်။

လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်သူများသည် တရားဝင် စာရွက်စာတမ်းရှိသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့် ပေးဆောင် နေရကြောင်း နိုင်ငံကူးလက်မှတ် လုပ်ပေးနေသည့် ပွဲခီခရီးသွားအေဂျင်စီများ နှင့် ခရီးသွားလာသူများက ပြောဆိုသည်။

အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်သူများမှာမူ ပိုမိုတင်းကျပ်စွာ ကန့်သတ်ခံထားရသဖြင့် တစ်ဦးလျှင် ဘတ်ငွေ ၇,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ပေးဆောင်ကာ ပွဲစားလမ်းကြောင်းများဖြင့်သာ ဖြတ်သန်း နေရသည်။

ခရီးသွားအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “PV ကတော့ အလည်အပတ်ဗီဇာဆိုတော့ တရားဝင် ပေးဖြတ် တယ်။ ဒါပေမယ့် PJ ကတော့ တရားဝင် ဖြတ်လို့မရဘူး၊ ပိုက်ဆံပေးပြီးမှ ဖြတ်ရတာ။ တံတားဖြတ်ခတင် ဘတ် ၇ ထောင်၊ ၈ ထောင်လောက် ကုန်တယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန်နှင့် ဟဲဟိုးမြို့တို့မှ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသည့် မြန်မာ နိုင်ငံသား ၄၀ ကျော်ကို တာချီလိတ်လေဆိပ်၌ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့ထံတွင် နိုင်ငံကူးလက်မှတ်များ တွေ့ရှိသဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာမည်ဟု ယူဆကာ ခရီးစဉ်ကို ရပ်နားစေပြီး နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ပြီး တရားဝင် စာရွက်စာတမ်းရှိသော်လည်း ပြည်တွင်းလေဆိပ်များတွင်ပင် ခရီးသွားလာခွင့် ကန့်သတ်ခံနေရသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။

နယ်စပ်နေ ပြည်သူတစ်ဦးက “အဓိကတော့ PV နဲ့ PJ သမားတွေ။ ရန်ကုန်လေဆိပ်ကနေ ထွက်ဖို့ အခက်အခဲ ရှိလို့ တာချီလိတ်ဘက်ကို လာကြတာ။ ဒါပေမယ့် နယ်စပ်မှာ ပေးမဖြတ်တာက တကယ်တော့ ရစ်ချင်တာ၊ ငွေညစ် ချင်တာပဲ” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံအတွင်းသို့ လေကြောင်းဖြင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအတွက် ယခင်က ရှိခဲ့သော အထူးအခွင့်အရေး (VIP Pass) များမှာ လွန်ခဲ့သည့် လေးပတ်ခန့်မှစတင်၍ ရပ်နားသွားပြီ ဖြစ်ကြောင်း ခရီးသွားအေဂျင်စီများက သတိပေးထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူများအနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ် Booking အထောက်အထား၊ TADC (Thailand Arrival Card) ဖောင် ဖြည့်စွက်ထားမှုနှင့် Show Money အဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်ကို ငွေသားဖြင့် ပြသရန် လိုအပ်မည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံကူးလက်မှတ်ဥပဒေသစ်အရ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းများအတွက် UID (ကိုယ်ပိုင်သက်သေခံအမှတ်) တင်ပြရန် မဖြစ်မနေ လိုအပ်လာသည်။

အသစ်ပြဋ္ဌာန်းလိုက်သော အဆိုပါဥပဒေအရ ပြည်ပရောက် မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သက် တမ်းတိုးရာတွင် UID မရှိပါက ပြည်တွင်းသို့ ပြန်လာပြီးမှသာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ထို့ပြင် ပြည်ပရှိ မြန်မာသံရုံးများသည် နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများကို လုပ်ဆောင်ပိုင်ခွင့် မရှိတော့ကြောင်း ဥပဒေသစ်တွင် တားမြစ်ထားသည်။

၂၀၂၇ ခုနှစ်တွင် စတင်ရန် ပြင်ဆင်နေသည့် အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် (E-Passport) စနစ်သို့ ပြောင်း လဲပါကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းသို့ ပြန်လာ၍သာ လျှောက်ထားရမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ အတုပြုလုပ်ခြင်း သို့မဟုတ် တစ်ပါးသူ၏ စာအုပ်ကို သုံးစွဲခြင်းများ အတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။

July 17, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များသည်...
July 16, 2026
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင်...
July 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းသို့ ကရင်နီပြည်နယ်ဘက်မှ လာရောက်ခိုလှုံနေကြသည့်...
July 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် အခြေစိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ...