ကလေးမြို့ မြေအရောင်းအဝယ်တွင် အထောက်အထားမဲ့မှုများပြားသဖြင့် သတိပြုရန်လို

ကလေးမြို့ မြေအရောင်းအဝယ်တွင် အထောက်အထားမဲ့မှုများပြားသဖြင့် သတိပြုရန်လို

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံမှုမရှိခြင်းနှင့် မြေပုံစံ (၁၀၅)၊ (၁၀၆) များပင် လျှောက်ထားခြင်းမရှိဘဲ ဝယ်ယူနေကြသဖြင့် အနာဂတ်တွင် မြေယာအငြင်းပွားမှု များ ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးလိုက်သည်။

“ကလေးခရိုင် တရားရုံးမှာ ရှေ့နေအလုပ်သင် (enroll) သွင်းပြီး အမှုလိုက်ပါ ဆောင်ရွက်ဖို့ ပြင်ဆင်ရင်း မြေ ကိစ္စ တချို့ပါ ဖြေရှင်းရတယ်။ တချို့ မြေဝယ်ယူထားသူတွေက ဂရန်စာအုပ် မပြောနဲ့။ ကိုယ့်မြေရဲ့ တည် နေရာ၊ အကျယ်အဝန်းနဲ့ နယ်နိမိတ်ကို အတည်ပြုနိုင်တဲ့ ပုံစံ (၁၀၅)၊ မြေရဲ့ရာဇဝင်ကို မှတ်တမ်းတင်ထားတဲ့ ပုံစံ (၁၀၆) စတာတွေတောင် လျှောက်မထားကြတာကိုပါ တွေ့ရတယ်” ဟု အထက်တန်းရှေ့နေ ဒေါ်ကျိန်ထိတ်ကိမ် က ပြောသည်။

တစ်ဖက်တွင်လည်း အကွက်ရိုက်၍ ရောင်းချသည့် လယ်ယာမြေများကို စစ်ဘေးရှောင် ပြည်သူအချို့က ဝယ်ယူ ၍ နေထိုင်လျက်ရှိကြောင်း၊ ထိုအခြေအနေသည် အနာဂတ်တွင် ဥပဒေရေးရာနှင့် ပတ်သက်ပြီး ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ၎င်းက ဆက်လက်အသိပေးသည်။

“မြေဝယ်ယူတယ်ဆိုတာက ငွေပေးပြီး စာချုပ်ချုပ်လိုက်ရုံနဲ့ မပြီးပါဘူး။ ဝယ်ယူမယ့်မြေရဲ့ ဥပဒေအရ အခြေအနေ၊ မြေအမျိုးအစား၊ ပိုင်ဆိုင်မှုအထောက်အထား၊ အငြင်းပွားမှု ရှိ၊ မရှိနဲ့ လွှဲပြောင်းနိုင်တဲ့ အခြေအနေတို့ကို ကြိုတင်စိစစ်ဖို့ လိုအပ်ပါတယ်။ ဝယ်ယူမယ့်အချိန်မှာလည်း ဈေးနှုန်းထက် ဥပဒေကို အရင်စစ်သင့်ပါတယ်” ဟု မြေယာဝယ်ယူခြင်းနှင့် ပတ်သက်ပြီး ၎င်းက ဆက်လက်အကြံပြုထားသည်။

လယ်ယာမြေနှင့် အခြားမြေ အမျိုးအစားများသည် ဥပဒေအရ အသုံးပြုခွင့်၊ လွှဲပြောင်းခွင့်များ မတူညီကြသဖြင့် “အများဝယ်နေကြ၍” ဆိုသည့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ဝယ်ယူရန် မဆုံးဖြတ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။

ယခုကဲ့သို့ စနစ်တကျ မစိစစ်ဘဲ အရောင်းအဝယ်များ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက နောက်ထပ် ၅ နှစ် အတွင်း ကလေးမြို့တွင် မြေယာအငြင်းပွားမှုများ သိသိသာသာ များပြားလာနိုင်ကြောင်းလည်း ဆက်လက် သုံးသပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ချင်းပြည်နှင့် ကလေးမြို့ အနီးပတ်ဝန်းကျင်ရှိ ဒေသများမှ စစ်ဘေးရှောင်ပြည်သူ အများအပြားသည် ကလေးမြို့သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ခိုလှုံခဲ့ကြသည်။

လက်ရှိတွင် ကလေးမြို့၏ အိမ်ခြံမြေ အရောင်းအဝယ်မှာလည်း အလွန်သွက်နေပြီး သတ်မှတ်မြေတစ်ကွက်လျှင် ကျပ်သိန်းရာဂဏန်းမှသည် သောင်းဂဏန်းအထိ ဈေးပေါက်လျက်ရှိကြောင်း ဒေသခံအချို့က ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...