သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်၍ မြဝတီနှင့် မဲဆောက်တွင် ကြိုတင်ပြင်ဆင်နေ

သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်၍ မြဝတီနှင့် မဲဆောက်တွင် ကြိုတင်ပြင်ဆင်နေ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်း - မြန်မာနယ်စပ် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထိ မြင့်တက် လာနေသဖြင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် မြဝတီနှင့် မဲဆောက်မြို့နယ်မှ ဒေသခံပြည်သူများ သည် ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။

နှစ်စဉ် ဇူလိုင်လရောက်တိုင်း သောင်ရင်းမြစ်ရေ မြင့်တက်လေ့ရှိပြီး အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ရလေ့ရှိသဖြင့် ယခုနှစ်တွင်လည်း ရေမဝင်မီ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံများက ကြိုတင်ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

မြဝတီဒေသခံ အမျိုးသမီးတစ်ဦးက “အခုတော့ အိမ်နားကလူတွေရော၊ ကမ်းနားကလူတွေပါ အကုန်လုံး ပစ္စည်းတွေသိမ်းနေကြပြီ။ နေရာပြောင်းနေကြရတယ်။ တချို့ဆို ထိုင်းဘက်က ဆွေမျိုးတွေဆီ အရင်သွား နေကြတယ်။ အရင်နှစ်တွေကလည်း ဇူလိုင်ဆိုရင် အမြဲလိုလို ရေတက်တာဆိုတော့ ကြိုတင်ပြင်ဆင်ထား ကြတာပေါ့” ဟု ပြောသည်။

မြဝတီဘက်ခြမ်းတွင် ရပ်ကွက်အလိုက် ပရဟိတအသင်းအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက လှေများ၊ အသက်ကယ်အင်္ကျီများနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများကို အသင့်စုဆောင်းထားရှိသည့်အပြင်၊ မြစ်ချောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်သရိုက်များကိုပါ ဝိုင်းဝန်းရှင်းလင်းနေကြသည်။

အလားတူ ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင်လည်း ရပ်ကွက်တာဝန်ရှိသူများက ရေဘေးသတိပေးချက်များ ထုတ်ပြန်ထားပြီး၊ ဒေသခံများမှာ အဖိုးတန်ပစ္စည်းများကို အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခြင်းများ လုပ်ဆောင်နေကြ ကြောင်း နယ်စပ်ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက “အခု ကြိုတင်ပစ္စည်းတွေလည်း ရွှေ့ထားပြီးပြီ၊ ကျန်သေးတဲ့အနည်းစုကတော့ ရေကြီးရင် တစ်ခါတည်း သူငယ်ချင်းအိမ်မှာ သွားထားလိုက်ရုံပဲ။ အရင်နှစ်တွေကတော့ ရေကြီးတာ အိမ်အောက်ထိရောက်တယ်။ သွားရ လာရတာ အဆင်မပြေတော့ တစ်ချို့အလုပ်တွေ ပိတ်ကြတယ်” ဟု ရှင်းပြသည်။

မိုးရာသီကာလတွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်လေ့ရှိပြီး၊ မြဝတီမြို့ဘက်တွင်မူ ရေနုတ်မြောင်းစနစ် မကောင်းမွန်ခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စန့်ပစ်မှုများကြောင့် ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွား စွာ ခံစားရလေ့ရှိကြောင်း ဒေသခံများက ထောက်ပြကြသည်။

ထိုင်းမိုးလေဝသဌာန (TMD) ၏ တရားဝင်ထုတ်ပြန်ချက်အရ တာ့ခ်ခရိုင်တွင် ဇူလိုင် ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သဖြင့် မဲဆောက်မြို့အပါအဝင် ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် တောင်ခြေဒေသများ၊ ရေလမ်းကြောင်းအနီးနှင့် မြစ်ကမ်းပါးယံဒေသများတွင် နေထိုင်ကြသူများ အနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိထား နေထိုင်ကြရန် တိုက်တွန်းထားသည်။

Most read this week

September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...