လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖရူဆိုတွင် ကုန်ပစ္စည်းများပြတ်လပ်

လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖရူဆိုတွင် ကုန်ပစ္စည်းများပြတ်လပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ဝေးလံခေါင်ဖျားသည့် အဆိုပါဒေသများသို့ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ မရောက်ရှိနိုင်သည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် ဆေးဝါးများအပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငါးပိနှင့် ငါးခြောက် စသည်တို့ ပြတ်လပ်နေသည်မှာ သုံးပတ်ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ဒီဘက်မှာက ဆေးခန်းရှိတယ်။ ကျမတို့ ဆေးဝါးလည်း ပြတ်လပ်နေတယ် ပြော ရမှာပေါ့နော်။ ကျမတို့က ဆေးကမှာထားပြီးသား သယ်လို့အဆင်မပြေဘူး အဲ့လိုမျိုးဖြစ်တာပေါ့နော်။ ထွန် စက်နဲ့လည်း ချိတ်တယ်။ အဆင်မပြေဘူး အဲ့လိုဖြစ်တာလည်း ရှိတာပေါ့နော်” ဟု မြေပြင်အခက်အခဲကို ပြောပြသည်။

အဆိုပါ ဒေသတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ပေးသည့် ထွန်စက်တစ်စီးသာ ရှိသဖြင့် ဒေသတွင်း လိုအပ်ချက် ကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် ဒေသခံများသည် လိုအပ်သည့် အခြေခံစားသောက်ကုန်များကို အသွားအပြန် ၈ နာရီခန့် ကြာမြင့် သည့် ခြေလျင်ခရီးဖြင့် သွားရောက်သယ်ယူနေရသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့်ပါ ကြုံတွေ့နေကြရသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း “လမ်းပျက်လို့လေ လောဆယ် ကားလည်းပေးမသွားတော့ဘူး ထွန်စက်ကော။ ဆိုင်ကယ် ကယ်ရီကတော့ လမ်းရွေးပြီးသွားရတာပေါ့။ ဆိုင်တော်တော်များများက ကုန်ပစ္စည်းတွေ တော့ ပြတ်နေပြီ။ ကုန်သယ်ချင်တော့ ခြေလျင်နဲ့ လူငှားပြီး သွားသယ်ကြတာတော့လုပ်တယ်။ ဆိုင်ကယ်နဲ့ သွားတဲ့ သူတွေတော့ ညအိပ်ရတယ် ခြေလျင်ကတော့ နေ့ချင်းပြန်လို့ရတယ်။ အဓိက သယ်တာတော့ ဆီတို့ ဆန်တို့ပေါ့” ဟု ပြောသည်။

လက်ရှိတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ ပုံမှန်အသုံးပြုသွားလာနေကြသည့် လမ်းအချို့မှာ မိုးတွင်း ကာလကြောင့် လမ်းအခြေအနေ ပိုမိုဆိုးရွားလာနေပြီး၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာ၍မရသည့် နေရာများကို ဒေသခံများက ပြန်လည်ပြုပြင် ဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။

August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...