လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်ရှိ မြို့အချို့တွင် ကုန်ဈေးနှုန်းမြင့်တက်

လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်ရှိ မြို့အချို့တွင် ကုန်ဈေးနှုန်းမြင့်တက်

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် မော်တော် ယာဉ်များ လမ်းပိုင်းပိတ်ဆို့မှုနှင့် ကြုံတွေ့နေရသည်မှာ တစ်ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်သည်။

ယခုကဲ့သို့ ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ လမ်းခရီး၌ ရက်သတ္တပတ်ခန့် ပိတ်မိနေခြင်းကြောင့် မိုးညှင်း၊ မိုးကောင်းနှင့် မြစ်ကြီးနားမြို့တို့တွင် ကုန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဒေသခံများ က ပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့တွင် ကုန်စိမ်းများနှင့် အသား၊ ငါးအချို့ ဈေးနှုန်း အဆမတန် မြင့်တက်လာနေခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်ဒေသခံတစ်ဦးက “ဈေးကတော့ တက်လာတယ်။ ကုန်စိမ်းတွေဆို အထားမခံတော့ ပုပ်သိုး သွားပြီ။ ငါးဈေးတက်တယ်လို့တော့ ပြောနေကြတယ်။ အခု တစ်ပိဿာကို ၅ သောင်းကျော်တယ်လေ၊ ၃ ရက် လောက်ရှိပြီ။ ဈေးကတော့ အကုန်ဖြည်းဖြည်း တက်လာနေတယ်။ ခုက တရုတ်ကလည်း ပြန်မဝင်တော့ ပစ္စည်းပြတ်တာတော့ မရှိသေးဘူး၊ ဈေးတက်နေတာပဲ” ဟု ပြောသည်။

မြစ်ကြီးနားမြို့အတွက် ကုန်စည်များကို တရုတ်နယ်စပ်ဘက်မှ တင်သွင်းသည့် လမ်းပိုင်းတွင်လည်း မြေပြိုမှုများ ဖြစ်ပွားနေသောကြောင့် ကုန်ပစ္စည်းတင်သွင်းသည့် ယာဉ်များ ဝင်ရောက်ရန် အချိန်ကြာမြင့်မှုများနှင့် ကြုံတွေ့နေရသည်။

လမ်းပိုင်းပိတ်ဆို့မှု ရက်ရှည်ကြာမြင့်လာသည်နှင့်အမျှ မန္တလေးမြို့မှ သယ်ဆောင်လာသည့် ငါးနှင့် ကုန်စိမ်းအချို့ မှာ လမ်းခရီးတွင် ပုပ်သိုးလာသဖြင့် သစ်သီးဝလံများအပါအဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို လမ်းပိုင်းနှင့် နီးစပ်ရာကျေးရွာများနှင့် ဈေးများတွင် မူလဈေး၏ ထက်ဝက်ခန့် လျှော့ချကာ ရရာဈေးဖြင့် ဈေးလျှော့ရောင်း ချနေရသည်။

လက်ရှိတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များသည် အင်းတော်ကွင်းလမ်းအပြင် နန့်သဲနှင့် မဲဇာကျေး ရွာအနီးတို့တွင် ကြားညှပ်ပိတ်မိနေကြဆဲဖြစ်ပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်။

အဆိုပါလမ်းပိုင်းကို ဇူလိုင်လ ၄ ရက်နေ့ကတည်းက လုံးဝပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် ခရီးသွား ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်း မပြုကြရန် လူမှုကွန်ရက်စာမျက်နှာများတွင် သတိပေးနှိုးဆော်ထားကြသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၆ ဘီး ကုန်တင်ကား တစ်စီးနှင့် အံစာတုံး ခရီးသည်တင်ကားတစ်စီးတို့ လက်နက်ကြီးကျည် ထိမှန်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...