ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူးနှင့် မင်းလက်ပံဒေသကို ထိန်းချုပ်နိုင်ပါက နယ်မြေခွဲတမ်း ပေးမည်ဟု စစ်တပ်က ၎င်းတို့နှင့် နီးစပ်သည့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များကို မက်လုံးပေး စည်းရုံးထား ကြောင်း တော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
ဖလူးနှင့် မင်းလက်ပံဒေသ တိုက်ပွဲအတွင်း တပ်မ (၂၂) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံတပ်များ၊ ပြည်သူ့စစ်မှုထမ်းများအပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ လက်အောက်ခံတပ်များ ပူးပေါင်းပါဝင်လျှက်ရှိသည်။
မက်လုံးပေး စည်းရုံးထားသည့်အတွက် ဗိုလ်ဘိဦးဆောင်သည့် DKBA နှင့် ဗိုလ်မုတ်သုန် ဦးဆောင်သည့် BGF အဖွဲ့တို့က အင်အားအလုံးအရင်း အသုံးပြု၍ ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်ကြောင်း မြဝတီဒေသရှိ တော်လှန်ရေး သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
“သူတို့ကို နယ်မြေခွဲတမ်းပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေး စည်းရုံးထားတယ်လို့ ကျနော်တို့ သိထား တယ်။ အဲဒါကြောင့် ဒီအဖွဲ့တွေ ပူးပေါင်းလိုက်တာ။ စစ်ကောင်စီတပ်တွေပဲဆိုရင် မနိုင်ဘူးဆိုတာ သူတို့သိတယ်။ အခုတော့ နယ်မြေခံအဖွဲ့တွေပါ ပူးပေါင်းလာလို့ မင်းလက်ပံအထိ အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်လာ နေပြီ” ဟု ၎င်းက ပြောသည်။
စစ်တပ်အဖွဲ့မှ မြဝတီတောင်ပိုင်းဒေသသို့ အင်အားထောင်နှင့်ချီ စစ်ကြောင်းထိုးနေကြောင်း ပြောဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မြေပြင်အင်အားမှာ ၄၀၀ ကျော်ခန့်သာ ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို သည်။
တစ်ဖက်တွင်လည်း စစ်တပ်၏ စစ်ကူအဖွဲ့များမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသည်။
စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “နယ်မြေခံအဖွဲ့တွေကတော့ နယ်မြေခွဲတမ်းရဖို့အရေး သွေးကြွနေတုန်းပဲ။ သူတို့က နယ်စပ်ဒေသကို ထိန်းချုပ် ချင်နေကြတာ။ မြဝတီ - ဝေါလေလမ်းကလည်း အဓိကနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ဖြစ်တယ်။ အဲဒီလမ်း ကို ထိန်းချုပ်နိုင်ရင် စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး တရားမဝင် ကုန်သွယ်မှု တွေလည်း ဆက်လုပ်နိုင်မယ်” ဟု သုံးသပ်သည်။
ယခင်ကလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် DKBA နှင့် BGF တပ်ဖွဲ့ဝင်များသည် စစ်တပ်နှင့်အတူ အင်အားဖြည့် ပူးပေါင်းပါဝင်လေ့ ရှိသည်။
ဖလူး၊ မင်းလက်ပံနှင့် မြဝတီတောင်ပိုင်း နယ်စပ်ဒေသများသည် ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့်အတွက် နှစ်ဖက်စလုံးအတွက် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ပစ်မှတ်တစ်ခုအဖြစ် တည်ရှိနေသည်။
ယနေ့ချိန်ထိ မြဝတီတောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ဟွိုင်မဟာ ဝေါင်ရွာသို့ လက်နက်ငယ်ကျည်များ ကျရောက်ခဲ့သလို လက်နက်ကြီးဒဏ်ကြောင့် နေအိမ်များပင် တုန်ခါခဲ့ရသည်။
ထို့ကြောင့် ထိုင်းစစ်တပ်ဘက်မှ နယ်စပ်လုံခြုံရေး တင်းကြပ်ထားပြီး လက်နက်များ ထိုင်းနယ်မြေသို့ ထပ်မံကျရောက်လာပါက ပြန်လည်ပစ်ခတ်ရန် ပြင်ဆင်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။







