မင်းပြား၊ ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများရှိ

မင်းပြား၊ ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများရှိ

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ယခုနှစ် မိုးရာသီကာလ အတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

မိုးတွင်းကာလတွင် ခြင်ပေါက်ဖွားနှုန်း မြင့်တက်လာခြင်းနှင့်အတူ ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်ခြင်းကြောင့် ယခုကဲ့သို့ အသက်ဆုံးရှုံးမှုများအထိ ဖြစ်ပေါ်လာ ခြင်း ဖြစ်သည်။

“ချောင်းဖျားဘက်တွေက အဖြစ်များကြတယ်။ ဆေးရုံ၊ ဆေးခန်းမရောက်ဘဲ အသက်ဆုံးရှုံးသွားတာတွေ ရှိတယ်။ ကျနော် သိသလောက်တောင် သုံးလေးယောက်လောက် ရှိတယ်။ ငှက်ဖျားဖြစ်လို့ သေတာ ရှိသလို သွေးလွန်တုပ်ကွေးဖြစ်လို့လည်း သေဆုံးကြတယ်” ဟု ဖုံသာချောင်းဒေသခံတစ်ဦးက ပြောသည်။

ဖုံသာချောင်းဒေသသည် တောတောင်ထူထပ်ပြီး ဝေးလံခေါင်ဖျားသည့်အတွက် မိုးတွင်းကာလ၌ ခြင်ပေါက်ဖွားမှု များပြားကာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများကို နှစ်စဉ်ကြုံတွေ့နေရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဆေးရုံ၊ ဆေးခန်း နည်းပါးခြင်းတို့ကြောင့် ဒေသခံများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ဒေသခံများမှာ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံလာပါက မင်းပြားမြို့သို့ စက်လှေဖြင့် ရေကြောင်းခရီး ၄ နာရီခန့် သွားလာနေကြရပြီး လမ်းခုလပ်တွင် အသက်ဆုံးရှုံးမှုများလည်း ရှိနေသည်။

လက်ရှိတွင် ရောဂါဖြစ်ပွားမှု မြင့်တက်နေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အရေးတကြီး ဆောင် ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

အခြား ဖုံသာချောင်းဒေသခံတစ်ဦးက “ULA/AA ဘက်က ကျန်းမာရေးအသိပညာပေးတာတွေတော့ လုပ်ပေး ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒေသမှာ တကယ်လိုအပ်နေတာက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဝါးတွေပါ။ လူနာဖြစ်လာရင် အချိန်မီ ကုသပေးနိုင်မယ့် ကျန်းမာရေး ဝန်ဆောင်မှုတွေ အမြန်ဆုံး ရှိလာစေ ချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မိုးရာသီကာလတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုများပြားလျက်ရှိပြီး အာရက္ခတပ်တော် (AA) ၏ ကျန်းမာရေးဌာနက ကျေးလက်ဒေသအချို့တွင် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည်။

သို့သော် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ဝန်ဆောင်မှုရရှိမှု နည်းပါးနေသေးသည့်အတွက် မြေပြင် ကွင်းဆင်း၍ ဆေးဝါးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...