မလေးရှား၌ ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် ဖမ်းဆီးခံရမှုတွင် ချင်းလူမျိုး ၆၀ ပါဝင်

မလေးရှား၌ ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် ဖမ်းဆီးခံရမှုတွင် ချင်းလူမျိုး ၆၀ ပါဝင်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှား အာဏာပိုင် ပူးပေါင်း အဖွဲ့က ဝင်ရောက်စစ်ဆေးရာ တရားမဝင်ရွှေ့ပြောင်းနိုင်ငံခြားသား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး အဆိုပါဖမ်းဆီးခံ ရသူများထဲတွင် ချင်းလူမျိုး ၆၀ ခန့် ပါဝင်သည်။

ဇူလိုင်လ ၅ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးနှင့် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ချဲရက်စ်ညဈေး တွင် ‘အော်ပါရာစီ’ စစ်ဆင်ရေးအဖြစ် တရားမဝင်နိုင်ငံခြားသားများကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) တာဝန်ရှိသူက ပြောသည်။

မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၀၀ ဦးတွင် နိုင်ငံခြားသား အမျိုးသား ၁၂၅ ဦးနှင့် အမျိုးသမီး ၇၅ ဦး ပါဝင်ပြီး၊ ၎င်းတို့အနက် ချင်းလူမျိုး ၆၀ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင် ဖမ်းဆီးခံထားရသည်။

မလေးရှား-မြန်မာလူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “မြန်မာအယောက် ၁၀၀ ဝန်းကျင်ပါတယ်၊၊ အဲဒီ ထဲမှာ ချင်းလူမျိုးအယောက် ၆၀ လောက် ပါဝင်တယ်။ အဲဒီနေရာမှာ ချင်းလူမျိုးအများအပြား နေထိုင်ကြ ပြီးတော့ ဟားခါးကတော့ အများဆုံးပဲပေါ့။ ကျန်တဲ့ ဒိုင်ချင်းတွေလည်း နေထိုင်ကြပါတယ်။ ဘာမှ အထောက် အထားမရှိတဲ့ သူတွေကိုတော့ ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားပါတယ်။ ဒုက္ခသည်ကတ် (UNHCR) ကိုင်ဆောင်ထားသူတွေကိုတော့ စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၁၉၆၃ ပြဌာန်းချက်များအတိုင်း တရားမဝင်နေထိုင်မှု၊ ပါမစ်ရက်လွန်နေထိုင်မှုနှင့် ပါမစ်နေရာအလွဲသုံးစားမှု စသည့် သက်ဆိုင်ရာအမှုပုဒ်မများ ဖြင့် တရားစွဲဆိုအရေးယူရန် စစ်ဆေးလျက်ရှိသည်။

မလေးရှား နိုင်ငံတစ်နိုင်ငံလုံးတွင် ယခုနှစ်အတွင်း အဖမ်းအဆီး ပိုမိုကြမ်းလာပြီး လူနေတိုက်ခန်းများ၊ အလုပ်ခွင် များ၊ ညဈေးကဲ့သို့ လူစည်ကားရာနေရာများနှင့် တရားမဝင်လမ်းကြောင်း ဝင်ရောက်ရာနေရာများတွင် အာဏာ ပိုင်များက အရှိန်အဟုန်မြှင့် ဖမ်းဆီးနေကြသည်။

မလေးရှား-မြန်မာလူမှုရေးအသင်းမှ တာဝန်ရှိသူက “အဖမ်းအဆီးတော့ လျော့သွားမယ်တော့ မထင်ဘူး၊၊ ၂၀၂၆ ဧပြီလကနေ ၂၀၂၇ ဧပြီလကုန်အထိ တရားမဝင်နိုင်ငံခြားသားတွေ မိမိနိုင်ငံပြန်နိုင်ရေးအတွက် (အထူး အစီ အစဉ်) ဖွင့်ထားပေးချိန်မှာ ပြန်တဲ့သူ နည်းလာရင်တော့ အဖမ်းအဆီးဘက်ကို ပိုများလာမယ့် သဘောရှိတယ်လို့ မြင်ပါတယ်” ဟု ဆက်ပြောသည်။

ယမန်နေ့က ဝင်ရောက်စီးနင်းမှုအတွင်း မြန်မာအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဗီယက်နမ်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို ဆက်လက် စစ်ဆေးအရေးယူနိုင်ရန် ဂျလန်ဒူတာ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းထားသည်။

July 4, 2026
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များအတွက်...
July 2, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က...
July 1, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် တပ်မ (၇၇) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည်...
June 30, 2026
အာဏာသိမ်းစစ်တပ်၏ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်...