ကော်သူးလေ ဆရာ၊ ဆရာမများအတွက် ဒေါ်လာတစ်သိန်း ရှာဖွေရေးကမ်ပိန်း စတင်

ကော်သူးလေ ဆရာ၊ ဆရာမများအတွက် ဒေါ်လာတစ်သိန်း ရှာဖွေရေးကမ်ပိန်း စတင်

ကရင့်ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ကျောင်းဆရာများ အလုပ်အဖွဲ့ (KTWG) တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ တစ်သိန်းရရှိ မည့် ပညာရေးရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ရပ်ကို စတင်ပြုလုပ်နေသည်။

တစ်လကြာ ပြုလုပ်မည့် အဆိုပါ ကမ်ပိန်းဖွင့်ပွဲကို ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ကမ်ပိန်းမှ ရရှိလာမည့် ရန်ပုံငွေများကို ဒေသခံကျောင်းဆရာ၊ ဆရာမများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အသုံးပြုသွား မည် ဖြစ်ကြောင်း KECD က ဆိုသည်။

KECD ဌာနမှူး ပဒိုစောလောအယ်မူးက “ကျနော်တို့ ပညာရေးရဲ့ အင်အားအကောင်းဆုံးနဲ့ အသက်သွေးကြော အကျဆုံး မဏ္ဍိုင်တွေကတော့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို နေ့စဉ်နဲ့အမျှ ကိုယ်တိုင်ကြုံတွေ့ မျက်ဝါးထင်ထင် မြင်တွေ့နေရပေမဲ့ မိမိတို့ရဲ့ သားသမီး၊ မြေးမြစ်တွေနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို လမ်းပျောက်ပြီး မျှော်လင့်ချက်မဲ့တဲ့ မျိုးဆက်တစ်ခု မဖြစ်သွား စေရဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ငြင်းဆန်တွန်းလှန်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ကရင်ပညာရေးကမ်ပိန်းသည် အနစ်နာခံ၍ ပညာသင်ကြားပေးနေကြသော ဆရာ၊ ဆရာမများအတွက် အမှန်တကယ် လိုအပ်နေသည့် အကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် အစီအစဉ်ကောင်း တစ်ခု ဖြစ်ကြောင်းလည်း ပဒိုစောလောအယ်မူးက ဆက်ပြောသည်။

ထို့ပြင် လက်ရှိ အာဏာသိမ်းစစ်အုပ်စုသည် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း၊ ကျောင်းဖွင့်လှစ်မှုများကို အဟန့်အတားပြုခြင်းနှင့် ဆရာ၊ ကျောင်းသားများအပေါ် အကြမ်းဖက်ခြင်းတို့ဖြင့် ပညာရေးကဏ္ဍကို နည်းလမ်း မျိုးစုံဖြင့် ထိခိုက်စေခဲ့သဖြင့် ပညာသင်ကြားရေး ပိုမိုခက်ခဲလာကြောင်း ကမ်ပိန်းဖွင့်ပွဲတွင် တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

ထိုကဲ့သို့သော အခြေအနေများအောက်တွင် ကော်သူးလေပညာရေးစနစ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများမှာ ထောက်ပံ့မှုအနည်းငယ်သာ ရရှိနေကြသည်။

ရန်ပုံငွေ မလုံလောက်မှုကြောင့် ယခင်က ကျောင်း ဆရာ၊ ဆရာမတစ်ဦးလျှင် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ရာမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်မှစ၍ တစ်ဦးလျှင် တစ်နှစ်စာ ထိုင်းဘတ်ငွေ ၇,၅၀၀ အထိသာ ပံ့ပိုးနိုင်တော့ကြောင်း KECD ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယခု ရန်ပုံငွေရှာဖွေရေးကမ်ပိန်းကို ဈေးရောင်းပွဲတော်များ၊ ကံစမ်းမဲရောင်းချမှုများ အပါအဝင် လှုပ်ရှားမှု အစီအစဉ်များဖြင့် တစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရရှိရန် ရည်မှန်းထား သည်။

KECD ၏ စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွင်း ကော်သူးလေဒေသ၌ စာသင် ကျောင်း ၁,၇၃၈ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ ၁၁,၉၃၉ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄၉,၇၂၈ ဦး ပညာသင်ယူခဲ့ကြသည်။

လက်ရှိ ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသား၊ ဆရာဦးရေများကိုမူ ဆက်လက်စာရင်းပြုစုနေဆဲ ဖြစ်သည်။

ယခု ကရင့်ပညာရေး ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် https://ktwg.org/dnt/ လင့်ခ်မှတစ်ဆင့် ကရင်ကျောင်းဆရာများအလုပ်အဖွဲ့ (KTWG) ထံသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်သည်။

July 6, 2026
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့...
July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...